စစ်ရေး တင်းမာနေသည့် အီရန်ကို တရုတ်က သင်္ဘောဖျက် ဒုံးကျည်များ ရောင်းပေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။ 

အမေရိကန်နှင့် စစ်ဖြစ်လု နီးနီး တင်းမာနေသော အီရန်ကို တရုတ်က အသံထက် မြန်သော အဆင့်မြင့် ဒုံးကျည်များ ရောင်းချပေးရန် နီးစပ်နေပြီဟု ရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြသည်။ 

အီရန်နိုင်ငံသည် တရုတ်နိုင်ငံထုတ် CM-302 အသံထက်မြန်သော (Supersonic) သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကို ဝယ်ယူရန် သဘောတူညီချက်ရရှိရန် နီးစပ်နေသည်ဟု ဆိုသည်။ 

အဆိုပါဒုံးကျည်သည် ကီလိုမီတာ ၂၉၀ အထိ ပစ်ခတ်နိုင်ပြီး ရေပြင်နှင့်ကပ်၍ အလွန်နိမ့်သော အမြင့်မှ ပျံသန်းနိုင်သဖြင့် စစ်သင်္ဘောများရှိ ရေဒါနှင့် ကာကွယ်ရေးစနစ်များကို ရှောင်ကွင်းနိုင်စွမ်းရှိပါသည်။

ကျွမ်းကျင်သူများက ဤလက်နက်သည် အမေရိကန်စစ်သင်္ဘောများအတွက် အနိုင်အရှုံးအပြောင်းအလဲဖြစ်စေနိုင်သည့် (Gamechanger) ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပါသည်။

ဤအတောအတွင်း အမေရိကန်နိုင်ငံသည် အီရန်ကမ်းရိုးတန်းအနီးသို့ ရေတပ်နှင့် လေတပ်အင်အား အကြီးအကျယ် တိုးချဲ့ချထားသဖြင့် စစ်မီးပွားနိုင်သည့် အခြေအနေများ ရှိနေပါသည်။ 

တစ်ဖက်တွင်လည်း အီရန်နှင့် အမေရိကန်ကိုယ်စားလှယ်များသည် နျူကလီးယားအရေး ဆွေးနွေးပွဲများကို ဂျနီဗာမြို့၌ ဆက်လက်ပြုလုပ်ရန် ရှိနေသည်။ 

စစ်ပွဲ ဖြစ်လာနိုင်သည့် အခင်းအကျင်းရှိနေသောကြောင့် နိုင်ငံအများအပြားက ၎င်းတို့၏ နိုင်ငံသားများအား အဆိုပါဒေသသို့ ခရီးသွားလာခြင်းမပြုရန် အကြံပြုထားကြပါသည်။