Tomorrowland လျှပ်စစ်ဂီတပွဲတော်ဆိုင်ရာ လက်မှတ်များ ရောင်းချတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။

ထိုင်းနိုင်ငံ ချွန်ဘူရီမှာ ကျင်းပမယ့် အာရှရဲ့ ပထမဆုံး Tomorrowland တေးဂီတ ပွဲတော်အတွက် ဟိုတယ် Package တွေကို မနက်ဖန် မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံး လျှပ်စစ်တေးဂီတ (EDM) ပွဲတော်တစ်ခုဖြစ်တဲ့ Tomorrowland ကို အာရှတိုက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ၌ ကျင်းပသွားမှာ ဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒီပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ စီးပွားရေးကဏ္ဍအတွက် အရေးပါတဲ့  မှတ်တိုင်တစ်ခုဖြစ်လာမယ်လို့ မျှော်မှန်းထားကြပါတယ်။

“Tomorrowland Thailand” ပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့မှာရှိတဲ့ Wisdom Valley မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခုနှစ်အတွက် သတ်မှတ်ထားသော အဓိကအကြောင်းအရာ (Theme) မှာ “Consciencia” ဖြစ်ပြီး လူသားတို့၏ စိတ်ခံစားမှု ခြောက်သွယ်ဖြစ်သော (အံ့သြခြင်း၊ ချစ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ တပ်မက်ခြင်းနှင့် ဝမ်းနည်းခြင်း) တို့ကို အခြေခံကာ ဘယ်လ်ဂျီယံ၊ ဘရာဇီးနှင့် ထိုင်းနိုင်ငံတို့မှာရှိတဲ့ ပွဲတော်တွေနဲ့ ချိတ်ဆက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဟိုတယ်နှင့် Package လက်မှတ်အတွဲလိုက် ကို  ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် (မနက်ဖြန်) ညနေ ၄ နာရီမှစတင်ကာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

သာမန်ဝင်ခွင့်လက်မှတ် (General Admission)တွေကိုတော့ မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီက စတင်ကာ ရောင်းချသွားမှာ ဖြစ်ပြီး ၁ ရက်စာနှင့် ၃ ရက်စာလက်မှတ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၁၀ ကျော်မှ ပရိသတ်များ ကြိုတင်စာရင်းပေးထားပြီး တက်ရောက်သူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားသားခရီးသွားတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ 

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (TAT) နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းစီစဉ်တဲ့ ဒီ ပွဲတော်ကြီးကို တစ်ရက်ကို ပရိသတ် ၅၀,၀၀၀ လောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ 

ပွဲတော်တက်ရောက်သူတွေရဲ့ တိုက်ရိုက်အသုံးစရိတ်မှာ ဘတ် ၁.၄ ဘီလီယံကျော် ရှိနိုင်ပြီး၊ နိုင်ငံ၏ စီးပွားရေးကဏ္ဍတစ်ခုလုံးအပေါ် သက်ရောက်မှုမှာ စုစုပေါင်း ဘတ် ၅.၃ ဘီလီယံခန့် အထိ ရှိလာမယ်လို့ ထိုင်းနိုင်ငံက ခန့်မှန်းမျှော်လင့်ထားပါတယ်။