အီရန်လုံခြုံရေးအကြီးအကဲ Ali Larijani နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ချုပ် Golamreza Soleimani တို့ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။
အီရန်နိုင်ငံ၏ ဩဇာအရှိဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အမျိုးသားလုံခြုံရေးအကြံပေး အလီ လာရီဂျာနီ (Ali Larijani) နှင့် ဘာဆစ်ဂျ် (Basij) ပြည်သူ့စစ်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဂိုလမ်ရီဇာ ဆိုလေမာနီ (Gholamreza Soleimani) တို့သည် အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အီရန် အစိုးရနှင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အတည်ပြုထုတ်ပြန်လိုက်သည်။
အလီ လာရီဂျာနီသည် စစ်ဘက်ခေါင်းဆောင်တစ်ဦး မဟုတ်သော်လည်း အီရန်၏ အမျိုးသားလုံခြုံရေး၊ သံတမန်ရေးနှင့် စစ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အဓိကကျသူ ဖြစ်ပါသည်။
၎င်းသည် မသေဆုံးမီကာလအတွင်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ရေးအပါအဝင် ဒေသတွင်းစစ်ပွဲကို ရေရှည်ဆင်နွှဲရန် ပြင်ဆင်ခြင်း၊ စီးပွားရေးကျပ်တည်းမှုကြောင့် ပေါ်ပေါက်လာသည့် ပြည်တွင်းဆန္ဒပြပွဲများကို နှိမ်နင်းခြင်းနှင့် ရပ်တန့်နေသော အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲများကို ကိုင်တွယ်ခြင်း စသည့် အရေးကြီးလုပ်ငန်းစဉ် ၃ ခုကို တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါသည်။
ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ဂိုလမ်ရီဇာ ဆိုလေမာနီ (Gholamreza Soleimani)ကလည်း အမေရိကန်နဲ့ အစ္စရေးတို့၏ တိုက်ခိုက်မှု အတွင်း ကျဆုံးသွားခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး တပ်ဖွဲ့ (IRGC- Iran Revolutionary Guard Corps) က မနေ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးခဲ့ပြီးနောက်၊ ယခုအခါ လာရီဂျာနီနှင့် ဗိုလ်ချုပ်ဆိုလေမာနီတို့ ထပ်မံသေဆုံးသွားခြင်းကြောင့် အီရန်၏ ခေါင်းဆောင်မှုယန္တရား ယိုင်နဲ့လာနေကြောင်း အကဲခတ်များက သုံးသပ်ကြပါသည်။
အရပ်ဘက်ခေါင်းဆောင်ကြီးများဖြစ်သည့် အယာတိုလာ ခါမေနီနှင့် လုံခြုံရေး တာဝန်ခံ အလီ လာရီဂျာနီ တို့ ဆုံးရှုံးသွားမှုကြောင့် နောင်တွင် အရေးကြီးသည့် ဆုံးဖြတ်ချက်ချမှတ်မှုများသည် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များထံသို့ ပိုမိုရောက်ရှိသွားနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်။