LGBTQ+ အခွင့်အရေး နှိမ်နင်းမည့် ဥပဒေ ဘီလာရုစ်လွှတ်တော် အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်။
မြန်မာစစ်ကောင်စီ၏ မဟာမိတ်ဖြစ်သော ဘီလာရုစ်နိုင်ငံ လွှတ်တော်သည် LGBTQ+ အခွင့်အရေးများကို တင်းကျပ်စွာ ပိတ်ပင်ကန့်သတ်မည့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်သည်။
အဆိုပါဥပဒေအရ လိင်တူဆက်ဆံခြင်း၊ လိင်ပြောင်းလဲခြင်းနှင့် ကလေးယူရန် ငြင်းဆန်ခြင်း (Childfree lifestyle) စသည်တို့ကို လူသိရှင်ကြား ဝါဒဖြန့်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်းပြုလုပ်ပါက ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်သည်။
ထိုပြစ်မှုဟု သတ်မှတ်ထားချက်များကို ကျူးလွန်ဖောက်ဖျက်ပါက ဒဏ်ငွေရိုက်ခြင်း၊ လူထုလုပ်အားပေး ခိုင်းစေခြင်းနှင့် ၁၅ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခြင်းများ ခံရနိုင်သည်။
ဤဥပဒေသည် အိမ်နီးချင်း ရုရှားနိုင်ငံ၏ တင်းကျပ်သော လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်ပြီး သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက မကြာမီ လက်မှတ်ရေးထိုး အတည်ပြုမည်ဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အဆိုအရ ဘီလာရုစ်ထောက်လှမ်းရေး (KGB) သည် LGBTQ+ အဖွဲ့ဝင်များကို ခြိမ်းခြောက်ဖိအားပေးမှုများ ပြုလုပ်နေပြီး လုံခြုံရေးတပ်ဖွဲ့များကလည်း ပုဂ္ဂလိက ပါတီပွဲများကို ဝင်ရောက်စီးနင်းမှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဆိုသည်။