ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် သစ်ကို တိုင်းလွှတ်တော် အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်။ 

ဧရာဝတီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်သစ်အဖြစ် မြေယာ သိမ်းဆည်းမှုများဖြင့် လူသိများသူ အငြိမ်းစား တိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအေးကျော်ကို တိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်လိုက်သည်ဟု လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောသည်။

၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဝင်ရောက်အရွေးခံခဲ့သူ ဦးအေးကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဧပြီလ ၆ ရက်နေ့တွင် တိုင်းလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဦးအေးကျော်သည် ယခင်ဝန်ကြီးချုပ် ဦးသိန်းအောင်လက်ထက်တွင် တိုင်းအထွေထွေအတွင်းရေးမှူး (တိုင်းမင်း ကြီး) အဖြစ် ၆ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ အုပ်ချုပ်ရေးသက်တမ်းအတွင်း မြေယာ သိမ်းဆည်းမှုဆိုင်ရာ စွပ်စွဲချက်များ ရှိနေသူလည်းဖြစ်သည်။

ဂေါ်ရန်ဂျီကျွန်းဒေသခံ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဝန်ကြီးချုပ် ဦးသိန်းအောင် လက်ထက် က ထွေအုပ်မင်းကြီးလုပ်ခဲ့သူပေါ့။ ကမ်းခြေဒေသက မြေတွေကို ခြိမ်းခြောက်ပြီးသိမ်းတယ်၊ သားသမီးတွေကို အလုပ်ပေးမယ်လို့ မြူဆွယ်ပြီး မဖြစ်စလောက် ငွေကြေးနဲ့ဝယ်တယ်။ နည်းမျိုးစုံသုံးပြီး အာဏာနဲ့ အနိုင်ကျင့် ခဲ့သူပါ” ဟု ပြောသည်။

ထို့ပြင် ဦးအေးကျော်သည် တိုင်းအထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူစဉ်က တိုင်းအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့ပြီး၊ လာဒ်ပေးလာဒ်ယူကိစ္စများဖြင့် ကြီးပွားချမ်းသာလာသူ ဖြစ်ကြောင်း ပုသိမ်မြို့ရှိ စီးပွားရေးအသိုင်းအဝိုင်းတွင် သတင်းများထွက်ပေါ်နေသည်။

ယခု ဝန်ကြီးချုပ်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် စစ်ကော်မရှင်လက်ထက် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးတင်မောင် ဝင်းနှင့် ဦးအေးကျော်တို့ နှစ်ဦးအကြား အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ နှင့် အဆင် ပြေမည့်သူ အနိုင်ရရှိရေးအတွက် နေပြည်တော်အထိ သွားရောက်ကာ အပြိုင်အဆိုင် ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

တိုင်းအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းတစ်ဦးက ဦးတင်မောင်ဝင်းနှင့် ဦးအေးကျော်တို့၏ ကွာခြားချက်ကို ဦးတင်မောင် ဝင်းကို ဝန်ထမ်းတွေက သိပ်မနှစ်သက်ကြဘူး။ ဖိနှိပ်တယ်၊ အထက်စီးဆန်တယ်၊ သူ့အတွက်ပဲကြည့်ပြီး အောက် ခြေ ဝန်ထမ်းတွေကို ငဲ့ကြည့်လေ့မရှိဘူး ဟု ပြောသည်။

ဦးအေးကျော်နှင့် ရင်းနှီးသည့် အရာရှိဟောင်းတစ်ဦး၏ သုံးသပ်ချက်အရ ဦးအေးကျော်သည် စစ်တပ်မှ အသွင်ပြောင်းလာသူ ဖြစ်သော်လည်း ဦးတင်မောင်ဝင်းထက် ပိုမိုပျော့ပြောင်းကာ အထက်အောက် ဆက်ဆံရေး ပြေပြစ်သူဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချောမွေ့သော ဆက်ဆံရေးရှိသူဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ဝန်ကြီးချုပ်သစ် အပေါ် နိုင်ငံရေးလောက၏ အမြင်မှာမူ အကောင်းမြင်မှု နည်းပါးနေသည်။ 

၈၈ မျိုးဆက် နိုင်ငံရေးသမားတစ်ဦးက ဘယ်သူဖြစ်ဖြစ် အတူနဲ့အနူနူတွေချည်းပဲ၊ ကောင်းဖို့ဆိုတာမရှိဘူး။ ဒီယုန်မြင်လို့ ဒီခြုံထွင်ထားတာ၊ သူ့ထက်သူ လူစွမ်းကောင်းတွေပဲ ပေါ်လာမှာ။ နောက်ဘုန်းကြီးက နှစ်ချက် ပိုခေါက်ကြဦးမှာပေါ့ဟု ပြောသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် ၇၂ ဦးရှိရာ USDP ပါတီမှ ၃၇ ဦးဖြင့် အများစုနေရာယူထားပြီး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ ကရင်ပြည်သူ့ပါတီမှ ၃ ဦးနှင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ၁ ဦးတို့ ပါဝင်ဖွဲ့စည်းထားသည်။

ဝန်ကြီးချုပ်သစ် ဦးအေးကျော်အနေဖြင့် အတိတ်က မြေယာအငြင်းပွားမှုများနှင့် လာဒ်ပေးလာဒ်ယူ စွပ်စွဲချက် များကို မည်သို့ဖြေရှင်းပြီး၊ ဒေသတွင်း စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားကို မည်သို့ ကိုင်တွယ်သွားမည် နည်း ဆိုသည်မှာ စောင့်ကြည့်ရမည့်အချက် ဖြစ်နေသည်။