ဂျာမနီက သမိုင်းတွင် ပထမဆုံးသော စစ်ဘက်ဆိုင်ရာ မဟာဗျူဟာသစ်ကို ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်။ 

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius သည် ဂျာမန်စစ်တပ် (Bundeswehr) ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်အတွက် သမိုင်းတစ်လျှောက် ပထမဆုံးသော စစ်ဘက်ဆိုင်ရာ မဟာဗျူဟာသစ်ကို ထုတ်ဖော်ကြေညာလိုက်ပါသည်။

ဤမဟာဗျူဟာသည် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ပြောင်းလဲလာသော ကမ္ဘာ့လုံခြုံရေးအခြေအနေအရ ဂျာမန်စစ်တပ်ကို ပိုမိုမြန်ဆန်ပြီး နည်းပညာမြင့်မားသော စစ်တပ်ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ 

မဟာဗျူဟာသစ်၏ ထူးခြားချက်မှာ လက်နက်အရေအတွက်ထက် စွမ်းဆောင်ရည် (Capability) ကိုသာ အဓိကထားတော့မည်ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေး၊ အချက်အလက်အခြေပြု စစ်ဆင်ရေးနှင့် AI နည်းပညာများကို ပိုမိုအသုံးပြုသွားမည်ဖြစ်ပါသည်။

အဝေးပစ်လက်နက်စွမ်းရည် မြှင့်တင်မှုအဖြစ် လက်ရှိရှိနေသည့် Taurus ဒုံးကျည်များထက် ပိုမိုဝေးလံသော အကွာအဝေး ၁,၀၀၀ ကီလိုမီတာခန့်အထိ ပစ်ခတ်နိုင်သည့် JASSM-ER ဒုံးကျည်များကို ဝယ်ယူသွားရန် စီစဉ်လျက်ရှိသည်။ 

ထို့အပြင် စစ်သည်အင်အားကိုလည်း ၄၆၀,၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်ကာ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများကို လျှော့ချ၍ စစ်တပ်ကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသွားမည်ဟု ဆိုသည်။

မဟာဗျူဟာကို ထုတ်ပြန်သည်ဟု ဆိုသော်လည်း အချက်အလက်အများအပြားကိုမူ လျို့ဝှက်အဖြစ် ထိန်းသိမ်းထားဆဲလည်း ဖြစ်သည်။