နိုင်ငံပေါင်း ၉၀ ကျော်အား ဗီဇာကင်းလွတ်ခွင့် ထိုင်းအစိုးရ ပြန်လျှော့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။ 

တရုတ်အပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ ကမ္ဘာလှည့်ခရီးသွားများအား ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်ပြုထားသည့် မူဝါဒကို ရုပ်သိမ်းပြီး နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၃၀ သို့ ပြန်လည်လျှော့ချရန် ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် အင်္ဂါနေ့တွင် အတည်ပြုလိုက်သည်။

ထိုင်းအစိုးရသည် ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေးနှင့် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လမှစတင်ကာ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံကို ဗီဇာမလိုဘဲ ရက် ၆၀ အထိ နေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်နှင့် ရှုပ်ထွေးနေသည့် ဗီဇာစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ယခုကဲ့သို့ ရက် ၃၀ အထိ ပြန်လည်လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နောင်တွင် ခရီးသွားများ နေထိုင်ခွင့်ရမည့် ကာလကို သက်ဆိုင်ရာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ထားရှိသည့် အပြန်အလှန် သဘောတူညီချက်များအပေါ် မူတည်၍ တစ်နိုင်ငံချင်းစီအလိုက် သတ်မှတ်သွားမည် ဖြစ်သည်။

အဆိုပါ ဗီဇာဥပဒေပြင်ဆင်ချက်သည် ထိုင်းအစိုးရ၏ တရားဝင်ပြန်တမ်း (Royal Gazette) တွင် ထည့်သွင်းကြေညာပြီး ၁၅ ရက်အကြာတွင် စတင်အသက်ဝင်မည် ဖြစ်သည်။ 

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် အခြားသော ရက်ရှည်ဗီဇာ (Long-term Visa) များဖြင့် နေထိုင်ခွင့်များကိုလည်း မကြာမီကာလအတွင်း တင်းကျပ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။