ရက်ရှည် အစာရှောင်ခြင်းက ပိုမိုထိရောက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။ 

လူတစ်ဦးအနေဖြင့် ရက်အတန်ကြာ အစာရှောင်ခြင်း (Extended Fasting) သည် ခန္ဓာကိုယ်အတွင်းရှိ အဆီများကို လောင်ကျွမ်းစေရုံရုံသာမက၊ ခန္ဓာကိုယ်အတွင်းပိုင်း ဇီဝကမ္မစနစ်တစ်ခုလုံးကို အကြီးအကျယ် ပြောင်းလဲစေနိုင်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်ကွင်းမေရီတက္ကသိုလ် (Queen Mary University of London) မှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ထူးခြားသည့် မော်လီကျူးအဆင့် ပြောင်းလဲမှုများသည် အစာစတင်ရှောင်ခြင်းချင်း ဖြစ်ပေါ်လာခြင်းမရှိဘဲ၊ အစာလုံးဝမစားဘဲ ၃ ရက်မြောက်သည့်နေ့ ကျမှသာ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သုတေသနပညာရှင်များသည် ကျန်းမာသန်စွမ်းသည့် စေတနာ့ဝန်ထမ်း ၁၂ ဦးအား ရက်သတ္တပတ်တစ်ပတ် (၇ ရက်) ကြာအောင် ရေတစ်မျိုးတည်းသာ သောက်သုံးစေပြီး အစာရှောင်စနစ်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် ၎င်းတို့၏ သွေးနမူနာများကို နေ့စဉ်စစ်ဆေးကာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသည့် ပရိုတင်းဓာတ်ပေါင်း ၃,၀၀၀ ကျော်ကို အဆင့်မြင့်နည်းပညာဖြင့် အနီးကပ် စောင့်ကြည့်လေ့လာခဲ့ကြသည်။

လေ့လာမှုအရ အစာရှောင်သည့် ပထမ ၂ ရက်မှ ၃ ရက်အတွင်း ခန္ဓာကိုယ်သည် သကြားဓာတ် (Glucose) လောင်ကျွမ်းရာမှ စုဆောင်းထားသည့် အဆီများကို စွမ်းအင်အဖြစ် ပြောင်းလဲလောင်ကျွမ်းသည့် စနစ်သို့ ကူးပြောင်းသွားသည်။ 

စမ်းသပ်မှုအတွင်း ပါဝင်သူများသည် ပျမ်းမျှ ၅.၇ ကီလိုဂရမ် (၁၂ ပေါင်ခွဲခန့်) ထိ ဝိတ်ကျသွားခဲ့ပြီး၊ အစာပြန်လည်စားသုံးသည့်အခါ ဆုံးရှုံးသွားသော ကြွက်သားထုထည် (Lean Tissue) များ ချက်ချင်းပြန်လည် ပြည့်တင်းလာခဲ့သည်။ 

သို့သော်လည်း ကျဆင်းသွားသည့် အဆီထုထည်များမှာမူ ပြန်လည်တက်လာခြင်း မရှိကြောင်း တွေ့ရသည်။

အထူးသဖြင့် ၃ ရက်မြောက်ပြီးနောက်တွင် ခန္ဓာကိုယ်တွင်းရှိ ပရိုတင်းဓာတ်များ၏ သုံးပုံတစ်ပုံကျော်သည် သိသာစွာ ပြောင်းလဲသွားပြီး ဦးနှောက်ဆဲလ်များနှင့် ခန္ဓာကိုယ်တွင်း ကလီစာများကို အထောက်အပံ့ပေးသည့် စနစ်များကိုပါ ပိုမိုကောင်းမွန်လာစေသည်။ 

သို့ဖြစ်ရာ လူကြိုက်များသည့် အချိန်ပိုင်းအစာရှောင်ခြင်း (Intermittent Fasting) ထက် ၃ ရက်ထက်ကျော်လွန်သော ရက်ရှည်အစာရှောင်ခြင်းကသာ ကျန်းမာရေးအတွက် ထူးခြားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ရက်ရှည်အစာရှောင်ခြင်းသည် ရေဓာတ်ခမ်းခြောက်ခြင်း၊ မူးဝေခြင်း၊ သွေးခဲမှုစနစ် ပြောင်းလဲခြင်းနှင့် ရောင်ရမ်းမှုဆိုင်ရာ ယာယီဖိစီးမှုများ (Stress Responses) ကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ပြီးမှသာ လုပ်ဆောင်သင့်သည်။ 

အထူးသဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် နာတာရှည်ရောဂါအခံ ရှိသူများအနေဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပြင်းထန်သော ရက်ရှည်အစာရှောင်ခြင်းမျိုးကို လုံးဝမပြုလုပ်ရန် ပညာရှင်များက သတိပေးထားသည်။