အချိန်ပိုင်းအစာရှောင်ခြင်းက လူကြီးများ၏ ဦးနှောက်စွမ်းဆောင်ရည်ကို မထိခိုက်ကြောင်းသုတေသနသစ်တွေ့ရှိ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။ 

အချိန်ပိုင်းအစာရှောင်ခြင်း (Intermittent Fasting) သည် လူကြီးများ၏ စဉ်းစားတွေးခေါ်မှုကို ထိခိုက်မှုမရှိကြောင်း သုတေသနအစီရင်ခံစာအသစ်တစ်ရပ်က ဆိုသည်။ 

သိပ္ပံပညာရှင်များသည် ၁၉၅၈ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပြုလုပ်ခဲ့သော သုတေသနပေါင်း ၇၁ ခုကို ပြန်လည်ဆန်းစစ်ခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဦးနှောက်သည် ဂလူးကို့စ်ကို လောင်စာအဖြစ်သုံးသော်လည်း အစာမစားဘဲ ၁၂ နာရီခန့် ကြာလာသည့်အခါ ခန္ဓာကိုယ်သည် အဆီများကို ချေဖျက်၍ ကီတုန်း (Ketones) အဖြစ် ပြောင်းလဲကာ ဦးနှောက်အတွက် အစားထိုးစွမ်းအင်အဖြစ် အသုံးပြုသည်။ 

ယင်းကဲ့သို့ အစာရှောင်ခြင်းသည် ပျက်စီးနေသော ဆဲလ်များကို ပြန်လည်သန့်စင်ပေးသည့် စနစ်ကို အသက်ဝင်စေကာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။

သုတေသနအရ ကျန်းမာသန်စွမ်းသော လူကြီးများတွင် အစာရှောင်ထားခြင်းကြောင့် အာရုံစိုက်မှု၊ မှတ်ဉာဏ်နှင့် ဆုံးဖြတ်ချက်ချနိုင်မှုတို့၌ ကွာခြားချက်မရှိကြောင်း တွေ့ရသည်။ 

သို့သော် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင်မူ အစာရှောင်ခြင်းက သင်ယူမှုပိုင်းနှင့် စာမေးပွဲအမှတ်များကို ထိခိုက်စေနိုင်သည်။ 

ထို့အပြင် အစာရှောင်ထားသူများသည် ရိုးရိုးသင်္ချာပုစ္ဆာများကို ဖြေဆိုရာတွင် ပြဿနာမရှိသော်လည်း အစားအစာနှင့် ပတ်သက်သည့် ပုံရိပ်များ၊ ကြော်ငြာများကို မြင်တွေ့ရသည့်အခါ အာရုံထွေပြားမှုကြောင့် အမှားများတတ်ကြောင်းလည်း သတိပေးထားသည်။