ဘန်ကောက်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုဖြင့် မြန်မာ ၄ ဦး အဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်။
ဖေဖော်ဝါရီလ ၁၆ ရက် ယမန်နေ့က ဘန်ကောက်မြို့၊ Chom Thong ခရိုင်ရှိ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုရေးစက်ရုံ (Recycling Centre) တစ်ခုအနီးမှာ အသက် ၅၅ နှစ်အရွယ် အမေရိကန်နိုင်ငံသား Cole Stein Heath ဆိုသူဟာ မြန်မာနိုင်ငံသား ၄ ဦးနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ရပ်ကွက် ပြည်သူတွေရဲ့ သတင်းပေးချက်အရ ရဲတွေဟာ အခင်း ဖြစ်ပွားရာနေရာကို ရောက်လာခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
အခင်း ဖြစ်ပွားရာ နေရာရောက်တဲ့အခါ လူ ၄ ယောက်ကို ဓါးရှည်တစ်ချောင်း သံပိုက်လုံးတချောင်းနဲ့ တွေ့ရပြီး သူတို့နားမှာတော့ အမေရိကန် နိုင်ငံသား Cole Health ကို ဓါးဒဏ်ရာ ငါးချက်နဲ့ ခြေထောက်နှစ်ဘက် လုံး ကျိုးနေတာကို တွေ့ရပါတယ်။
အဆိုပါ လေးဦးလုံးဟာ ရဲတွေဆီမှာ အဖမ်းခံခဲ့ပြီး ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။
သေဆုံးသူ အမေရိကန် နိုင်ငံသားဟာ သူတို့ လေးယောက်ထဲက တစ်ယောက်ရဲ့ ညီမနဲ့ သမီးရည်းစား ဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်က အမျိုးသမီးဘက်က လမ်းခွဲခဲ့ပေမယ့် အမေရိကန်နိုင်ငံသားက လက်မခံဘဲ အနှောင့်အယှက်ပေးနေခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် (အခင်းမဖြစ်မီတစ်ရက်) က အမေရိကန်နိုင်ငံသားဟာ ဓားတစ်ချောင်းကိုင်ပြီး အမျိုးသမီးရဲ့အခန်းကို လာရောက်ကာ သူမရဲ့အစ်ကိုနဲ့ သူငယ်ချင်းတွေကို ထိုးကြိတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံသားဟာ ဓားကိုင်ပြီး ထပ်မံရောက်ရှိလာတာကြောင့် မြန်မာ ၄ ဦးက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့ဘက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာဖြစ်ကြောင်းနဲ့ သတ်ဖို့ရည်ရွယ်ချက်မရှိကြောင်း ရဲကို ထွက်ဆိုထားပါတယ်။
သူတို့ထဲက တယောက်ကတော့ ဓါးဒဏ်ရာ ရထားတဲ့ အတွက် ရဲက ဆေးရုံပို့ပြီး ဆေးကုသခွင့် ပေးထားပါတယ်။
ဓါတ်ပုံ။ Matichon သတင်းစာ
#မြန်မာရွှေ့ပြောင်းလုပ်သား #ဘန်ကောက်