ကျိန္တလီမြို့ကို စစ်တပ် ဗုံးကြဲလို့ အရပ်သား ၉ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်။
ရခိုင်ပြည်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်ရှိ လူနေရပ်ကွက်များကို စစ်တပ်က လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၅ ဦး အပါအဝင် အရပ်သားပြည်သူ ၉ ဦး ပြင်းထန်ဒဏ်ရာရရှိသွားသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့၊ မနက် ၉ နာရီခန့်တွင် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးသည် ကျိန္တလီမြို့ထဲသို့ လာ ရောက် ဗုံးကြဲခဲ့ရာ ဗုံးသီးများမှာ အမှတ် ၂ ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၉ ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် လူနေအိမ် အချို့လည်း ပျက်စီးသွားခဲ့သည်။
ကျိန္တိလီက ဒေသခံ အမျိုးသားတစ်ဦးက “ကျိန္တလီက အရင်တုန်းကလည်း လေကြောင်းဗုံးကြဲခံရဖူးတယ်။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီက လည်း လေကြောင်းဗုံးကြဲခဲ့ဖူးတော့ အခုဆို အားလုံးက ပိုကြောက်ကြတယ်။ တကယ်တော့ ကျနော်တို့မြို့မှာ စစ်ရေးပစ်မှတ်ဆိုလို့ ဘာမှမရှိဘူး။ အဲ့ဒါကို ဗုံးသီး လာလာချနေတာ။ ကလေးတွေ အိမ်မှာမနေရဲတော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ ကလည်း ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲခဲ့သဖြင့် သံဃာတစ်ပါးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မေလ ၁၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သဖြင့် ပြည်သူ့နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့ရသည်။
ကျောက်ဖြူ ဒေသခံတစ်ဦးက “ဒီဗမာစစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ၊ ဘုန်းကြီး ကျောင်းတွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ။ ဒါဟာ စစ်ရာဇဝတ် မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ဦးရေတပ် ပတ်ဝန်းကျင်၌ အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ရခိုင် စစ်မျက်နှာတွင် မြေပြင်စစ်မျက်နှာ၌ အရေးနိမ့်နေသည့် စစ်တပ်သည် လေကြောင်း အားသာချက်ကို အလွန်အကျွံ အသုံးပြု ကာ အရပ်သားပြည်သူများကိုပါ ဖိအားပေးတိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ရခိုင်တောင်ပိုင်း ဂွမြို့နယ်အပါအဝင် ဗျူဟာမြောက်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ရှေ့ဆက်၍ ပိုမိုစစ်ရှိန်မြင့်တက်လာမည့် အခြေအနေတွင် ရှိနေသည်။