Green Card တင်းကြပ်မှုအပေါ် USCIS က ခြွင်းချက် ၂ ချက် ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။
အမေရိကန်ပြည်ထောင်စု၏ Green Card (အမြဲတမ်း နေထိုင်ခွင့်) လျှောက်ထားမှုအပေါ် တင်းကျပ်လိုက်သည့် မူဝါဒအပေါ် ကန့်ကွက်မှုများပြားလာခြင်းကြောင့် လျှောက်ထားသူအချို့အတွက် ခြွင်းချက် စံနှုန်းသစ် နှစ်ရပ်ကို အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်မှုဌာန (USCIS) က ထပ်မံဖြည့်စွက် သတ်မှတ်ပေးလိုက်သည်။
USCIS ၏ ထုတ်ပြန်ချက်အရ ကျောင်းသားဗီဇာ၊ ခရီးသွားဗီဇာနှင့် ယာယီအလုပ်သမားဗီဇာများကဲ့သို့ ယာယီဗီဇာများဖြင့် ရောက်ရှိနေသူများသည် Green Card လျှောက်ထားလိုပါက မိခင်နိုင်ငံသို့ ပြန်လည်သွားရောက်၍ လျှောက်ထားရမည်ဖြစ်သည်။
ယခုကဲ့သို့ မိခင်နိုင်ငံသို့ ပြန်လည်စေလွှတ်ရသည့် နောက်ခံအကြောင်းအရင်းနှင့် ပတ်သက်၍ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေ၏ မူလရည်ရွယ်ချက်ကို USCIS ပြောရေးဆိုခွင့်ရှိသူ ဇက်ကာလာ (Zach Kahler) က ရှင်းလင်းပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ ယာယီဗီဇာကိုင်ဆောင်ထားသူများသည် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားနှင့် သတ်မှတ်ထားသည့် ကိစ္စရပ်တစ်ခုအတွက်သာ လာရောက်ရခြင်းဖြစ်ပြီး၊ ဗီဇာသက်တမ်းကုန်ဆုံးပါက မိခင်နိုင်ငံသို့ ပြန်ကြရန် ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်နိုင်ငံအတွင်း ရောက်ရှိပြီးမှ Green Card လမ်းကြောင်းသို့ ပြောင်းလဲလျှောက်ထားကြသည့် ဥပဒေဟာကွက်များ ရှိနေခဲ့ကြောင်း၊ ထို့ပြင် Green Card လျှောက်ထားမှု ငြင်းပယ်ခံရပြီးနောက် အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဆက်လက်ခိုလှုံ နေထိုင်မည့်သူများကို ကြိုတင်ဖယ်ရှားနိုင်ရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။
ယခု ထုတ်ပြန်ချက်ကြောင့် အထူးသဖြင့် အမေရိကန်နိုင်ငံတွင် နှစ်ရှည်လများ စောင့်ဆိုင်းနေရသည့် H-1B အဆင့်မြင့် ကျွမ်းကျင်လုပ်သားများနှင့် ကမ္ဘာ့ထိပ်တန်း ပညာရှင်များအကြား စိုးရိမ်ပူပန်မှုများ ပြင်းထန်ခဲ့ခြင်းကြောင့် USCIS အနေဖြင့် အောက်ပါ ခြွင်းချက်နှစ်ခုကို ထည့်သွင်းစဉ်းစားပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ပထမခြွင်းချက်အနေဖြင့် လျှောက်ထားသူ၏ အမေရိကန်တွင် ရှိနေမှုသည် နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ကို တိုးတက်ဖြစ်ထွန်းစေနိုင်မည်ဆိုလျှင်လည်းကောင်း၊
ဒုတိယခြွင်းချက်အနေဖြင့် လျှောက်ထားသူ၏ အရည်အချင်းသည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြုနိုင်မည်ဆိုလျှင်လည်းကောင်း အမေရိကန်နိုင်ငံအတွင်းကနေပင် ဆက်လက်လျှောက်ထားနိုင်မည် ဖြစ်သည်။
USCIS အနေဖြင့် ယခုခြွင်းချက်စံနှုန်းများကို တစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်၍ အကဲဖြတ်စိစစ်ပေးသွားမည်ဖြစ်ပြီး၊ အသေးစိတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားချက်များကိုမူ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဆိုသည်။