ကုလသမဂ္ဂ နျူလက်နက် မပြန့်ပွားရေး ညီလာခံ သဘောတူညီချက်မရပဲ အဆုံးသတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်။
ကုလသမဂ္ဂဌာနချုပ်တွင် ၄ ပတ်ကြာ ကျင်းပခဲ့သည့် “နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT)” ပြန်လည်သုံးသပ်ရေး ညီလာခံသည် ပြီးခဲ့သည့် သောကြာနေ့တွင် မည်သည့်သဘော တူညီချက်မျှ မရရှိဘဲ ပြီးဆုံးသွားခဲ့သည်။
ညီလာခံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဗီယက်နမ်နိုင်ငံ ကုလသမဂ္ဂသံအမတ်ကြီး ဒိုဟန်ဗီယက် (Do Hung Viet) က စာချုပ်ဝင် ၁၉၁ နိုင်ငံအကြား နောက်ဆုံးမူကြမ်းအဆင့်တွင်ပင် အများသဘောတူညီမှု (Consensus) မရရှိခဲ့ကြောင်း ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဤကဲ့သို့ ညီလာခံပျက်ပြားသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ နောက်ဆုံးမူကြမ်းတွင် “အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ရှာဖွေခြင်း၊ တီထွင်ခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းမပြုရ” ဆိုသည့် ပြဋ္ဌာန်းချက် စာသားပါဝင်နေခြင်းကြောင့် ဖြစ်သည်။
ယခုအကြိမ်အပါအဝင် NPT ပြန်လည်သုံးသပ်ရေး ညီလာခံ သဘောတူညီချက်မရဘဲ ပျက်ပြားခဲ့ရခြင်းမှာ ၃ ကြိမ်ဆက်တိုက် ရှိသွားပြီဖြစ်သည်။
ညီလာခံကျင်းပစဉ်အတွင်း အမေရိကန်ပြည်ထောင်စုဘက်က အီရန်နိုင်ငံအား “စာချုပ်ပါ ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသူ” ဟု စွပ်စွဲခဲ့သည်။
အပြန်အလှန်အားဖြင့် အီရန်နိုင်ငံဘက်ကလည်း ၎င်းတို့၏ နျူကလီးယားစက်ရုံများကို အမေရိကန်နှင့် အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများကို ညီလာခံက ပြစ်တင်ရှုတ်ချပေးရန် တောင်းဆိုခဲ့ကြသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ကမ္ဘာ့နျူကလီးယားအန္တရာယ် မြင့်မားနေသည့် အချိန်အခါမျိုးတွင် ယခုကဲ့သို့ ညီလာခံကြီး ပျက်ပြားသွားရသည့်အပေါ် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် နိုင်ငံအားလုံးအနေဖြင့် သံတမန်နည်းလမ်းများနှင့် ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းများကို အစွမ်းကုန်အသုံးချကြရန် တိုက်တွန်းနှိုးဆော်ထားသည်။