စစ်ပွဲတွင် ပတ်သက်နေသည့် ဆော်ဒီတွင် ဘုရားဖူး ၁.၅ သန်းကျော် ဟာဂျီဝတ်ပြုပွဲ ဆင်နွှဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်။ 

အီရန် စစ်ပွဲကြောင့် ဒေသတွင်း စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း ကမ္ဘာတစ်ဝန်းမှ မွတ်စလင်ဘာသာဝင်ပေါင်း ၁ သန်းခွဲကျော်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလာပြီး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော ဟာဂျီ (Hajj) ဘုရားဖူးခရီးစဉ်ကို စတင်ဆင်နွှဲနေကြပြီဖြစ်သည်။

ဆော်ဒီအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ နိုင်ငံပြင်ပမှ ရောက်ရှိလာသည့် ဘုရားဖူးဧည့်သည်ဦးရေသည် ၁.၅၁ သန်းကျော်ရှိကြောင်း သိရသည်။ 

၎င်းပမာဏသည် ပြီးခဲ့သည့် သုံးလတာကာလအတွင်း ဖြစ်ပွားခဲ့သည့် အီရန်စစ်ပွဲကြောင့် ခရီးသွားလာမှုပြတ်တောက်ခြင်းနှင့် လေယာဉ်ခရီးစရိတ် အဆမတန်မြင့်တက်ခဲ့ရသည့် ကြားကပင် လွန်ခဲ့သည့်နှစ်ထက် ဘုရားဖူးဦးရေ ၁ သောင်း ၁ ထောင်ကျော် ပိုမိုများပြားလာခြင်း ဖြစ်သည်။

စစ်ပွဲအတွင်း အီရန်နိုင်ငံဘက်မှ ဆော်ဒီအာရေဗျနှင့် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများသို့ ဒုံးကျည်နှင့် ဒရုန်းလှိုင်းများ အမြောက်အမြား ပစ်ခတ်ခဲ့ရာ မတ်လ ၈ ရက်နေ့က အာလ်ခါ့ချ် (al-Kharj) မြို့တွင် ဒေသခံအရပ်သား ၂ ဦးနှင့် အနီးအနားရှိ အမေရိကန်လေတပ်စခန်းမှ စစ်သည်တစ်ဦး သေဆုံးခဲ့ရဖူးသည်။ 

ထို့ကြောင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ဘုရားဖူးဧည့်သည်တော်များ စိတ်အေးချမ်းသာစွာ ဝတ်ပြုနိုင်ရေးအတွက် အထွတ်အမြတ်ထားရာ မက္ကာ (Mecca) မြို့တော်၏ ကောင်းကင်ယံကို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် အပြည့်အဝ စောင့်ရှောက်ထားကြောင်း ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်ကြေညာထားသည်။

ဟာဂျီဝတ်ပြုပွဲ၏ ပထမဆုံးနေ့တွင် ဘုရားဖူးများသည် အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်စ် (45°C) အထိ ပြင်းထန်သည့် အပူဒဏ်ကို ကြံ့ကြံ့ခံရင်း မက္ကာမြို့ရှိ ကာ့ဘာ (Kaaba) ကျောက်တုံးတော်ကို ခုနစ်ကြိမ် လှည့်ပတ်အာရုံပြုခဲ့ကြသည်။ 

အဆိုပါဝတ်ပြုမှုအပြီးတွင် ၅ ကီလိုမီတာအကွာရှိ မီနာ (Mina) ကဲစခန်းများ၌ ညအိပ်ရပ်နားကြမည်ဖြစ်သည်။  

နောက်တစ်နေ့တွင် တမန်တော်မိုဟာမက် နောက်ဆုံးတရားဟောကြားခဲ့ရာ အာရဖတ်တောင် (Mount Arafat) သို့ ဆက်လက်ထွက်ခွာကာ ဟာဂျီပွဲ၏ အထွတ်အထိပ် ဝတ်ပြုဆုတောင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။