ဂူအတွင်း ပိတ်မိနေသော လာအိုရွာသား ၅ ဦးကို တပတ်အကြာတွင် အသက်ရှင်လျက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။
လာအိုနိုင်ငံအလယ်ပိုင်းရှိ ဂူတစ်ခုအတွင်း၌ တစ်ပတ်ကြာ ပိတ်မိနေခဲ့သည့် ရွာသား (၇) ဦးအနက် (၅) ဦးကို ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက အသက်ရှင်လျက် ဘေးကင်းစွာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း လာအိုနှင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များ၏ ပူးတွဲထုတ်ပြန်ချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ကျန်ရှိနေသေးသည့် ရွာသား (၂) ဦးကိုမူ ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက် ရှာဖွေလျက်ရှိသည်။
ယခုကဲ့သို့ ခက်ခဲစွန့်စားရသည့် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်နေသူ ဖင်လန်နိုင်ငံသား ရေငုပ်ကျွမ်းကျင်သူ မစ်ကို ပါစီ (Mikko Paasi) က မိမိတို့အဖွဲ့များသည် အချိန်နှင့်အပြိုင် အလုပ်လုပ်နေကြရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လာအိုရွာသား (၇) ဦးသည် လာအိုနိုင်ငံ ဇေဆွမ်ဘုမ် (Xaysomboun) ပြည်နယ်အတွင်းရှိ အစိုးရပိတ်သိမ်းထားသော ရွှေတွင်းဟောင်းဂူတစ်ခုအတွင်းသို့ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကတည်းက ရွှေရှာဖွေရန် ဝင်ရောက်သွားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဂူဝပိတ်ဆို့ကာ အတွင်း၌ ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၄ နာရီခွဲအချိန်တွင် ရေငုပ်သမားများသည် ဂူဝမှ မီတာ ၃၀၀ ခန့်အကွာရှိ နောက်ဆုံးအခန်းငယ်အတွင်း ကျောက်ဆောင်ပေါ်၌ စုထိုင်နေသည့် ရွာသား (၅) ဦးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အားလုံးသည် ပင်ပန်းနွမ်းနယ်ပြီး အစာရေစာပြတ်လတ်နေသော်လည်း ကျန်းမာရေးကောင်းမွန်ကာ စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားသည်။
လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များသည် ဂူအတွင်းရှိ ရေများကို မော်တာများဖြင့် အဆက်မပြတ် စုပ်ထုတ်လျက်ရှိပြီး၊ ပိတ်မိနေသူများထံသို့ အစားအစာနှင့် အရေးပေါ်ဆေးဝါးများ ပေးပို့နိုင်ရန် ပြင်ဆင်လျက်ရှိသည်။
သို့သော်လည်း ကီလိုမီတာ အတော်များများ ရှည်လျားသည့် ယခုဂူစနစ်သည် အလွန်ကျဉ်းမြောင်းသည့်အပြင် လေထုမသန့်ရှင်းမှုနှင့် ဂူပြိုကျနိုင်သည့် အန္တရာယ်များ ရှိနေသေးသဖြင့် ၎င်းတို့ကို ဂူအပြင်ဘက်သို့ ပြန်လည်ခေါ်ထုတ်ရေးအဆင့်မှာမူ အလွန်စိန်ခေါ်မှုကြီးမားနေဦးမည် ဖြစ်သည်။
ဒေသခံအာဏာပိုင်များနှင့် ရွာသားများသည် ကျန်ရှိနေသေးသည့် ရွာသား (၂) ဦးကိုပါ အမြန်ဆုံး အသက်ရှင်လျက် ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ဂူအပြင်ဘက်၌ တိုင်းရင်းရိုးရာ နတ်ပူဇော်ပွဲများ ပြုလုပ်၍ စောင့်ဆိုင်းလျက်ရှိကြသည်။