မြဝတီအမှတ် (၂) တံတား ၉ လကျော်အကြာတွင် ရုတ်တရက် ပြန်ဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ၉ လ ကျော်အကြာ ပိတ်ထားခဲ့ရာမှ မြန်မာဘက်က မေလ ၂၈ ရက်နေ့တွင် တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် မြန်မာ့ပို့ကုန်များကိုသာ ခွင့်ပြုပြီး ထိုင်းသွင်းကုန်လိုင်စင်များကို ဆက်လက် ပိတ်ပင် ထားဆဲဖြစ်၍ နယ်စပ်ကုန်သည်များက အခြေအနေကို သတိဖြင့် စောင့်ကြည့်နေကြရသည်။
တံတားပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ လုံခြုံရေးအရ ကြိုတင်သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့ဘဲ၊ မေလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာဘက်က ထိုင်းဘက်သို့ ရုတ်တရက်အကြောင်းကြားကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။
လက်ရှိတွင် ထိုင်းအကောက်ခွန်ဦးစီးမှူးက မြန်မာဘက်က တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေပြီး၊ ကုန်ပစ္စည်းများ သွားရောက်သယ်ယူရန်အတွက် ထိုင်းဘက်မှ ကုန်တင်ကားအချို့ မြန်မာဘက်အခြမ်းသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။
မဲဆောက်-မြဝတီ နယ်စပ်ကုန်သည်ကြီးတစ်ဦးက “တံတားဖွင့်တာကတော့ ကုန်သည်တွေအတွက် သတင်း ကောင်းပါပဲ။ ဒါပေမဲ့ ကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲ ရုတ်တရက်ကြီး ဖွင့်လိုက်တာ။ မနက်က မြန်မာ ဘက်က ကုန်သွယ်ရေးဇုန်ထဲမှာ တရားနာပြီးမှ တံတားကို ချက်ချင်းဖွင့်ချလိုက်တာ။ အခု ထိုင်းဘက်က ကား အလွတ်တချို့ မြန်မာဘက်ကို ကူးနေပြီ။ ဒါပေမဲ့ အဓိကပြဿနာက သွင်းကုန်လိုင်စင် ပိတ်ထားတာပဲ” ဟု ပြောသည်။
လတ်တလောတွင် ထိုင်းဘက်သို့ ပြောင်း၊ ငရုတ်သီး၊ ကွမ်းသီး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့် မြန်မာ့လယ်ယာ ထွက်ကုန် ပို့ကုန်များကို ပြန်လည်တင်ပို့နိုင်ရန် ပို့ကုန်လိုင်စင်များ ချပေးထားသော်လည်း၊ လူသုံးကုန်နှင့် ဆောက် လုပ်ရေးပစ္စည်း အပါအဝင် ထိုင်းဘက်မှဝင်မည့် သွင်းကုန်များအတွက်မူ လိုင်စင်ချပေးခြင်း မရှိသေးပေ။
အဆိုပါ မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက မြန်မာဘက်က ကြိုတင်အသိပေးခြင်းမရှိဘဲ တစ်ဖက်သတ် ပိတ်ပစ်ခဲ့ခြင်းဖြစ်ပြီး၊ ၉ လနီးပါးအကြာမှ နယ်စပ်ကုန်သွယ်ရေးကို ပထမဆုံးအကြိမ် ပြန်လည်စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းကုန်သည်တစ်ဦးက “မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်လို့ ပထမဆုံး ကုန်တင်ကားကြီး စတင်ထွက်ခွာနေပြီ ဖြစ်ပါတယ်။ ထိုင်းအကောက်ခွန်ဦးစီးမှူးဘက်က ညှိနှိုင်းဆောင်ရွက်ပေး မှုအပြီးမှာတော့ ထိုင်းကုန်တင်ကားတွေဟာ ကုန်ပစ္စည်းတွေ သွားရောက်သယ်ယူဖို့အတွက် ထိုင်း-မြန်မာ ချစ် ကြည်ရေးတံတား အမှတ် (၂) ကို ဖြတ်ကျော်ပြီး မြန်မာဘက်အခြမ်းကို စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်” ဟု မေလ ၂၈ ရက်နေ့တွင် ပြောသည်။
တံတားပြန်ပွင့်လာသော်လည်း နယ်မြေအတွင်း စစ်ရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် သယ်ယူပို့ဆောင် ရေး စရိတ်နှင့် လမ်းခရီးအခြေအနေကို စိုးရိမ်နေရဆဲဖြစ်ကြောင်း မြဝတီဒေသခံ ကုန်တင်ကားမောင်းသမား တစ်ဦးက ပြောသည်။
“တံတားပွင့်တာ ဟုတ်ပြီ၊ လမ်းကြောင်းကကော အဆင်ပြေပါ့မလား။ အရင်တုန်းက လမ်းပိတ်ထားလို့ တော လမ်းတွေကနေ ပတ်မောင်းရတာ ဆီဖိုးတင်မကဘူး၊ လမ်းကြေးတွေကပါ သောင်းဂဏန်း သိန်းဂဏန်း ပေးခဲ့ရ တာ။ အခု တံတားကြီး ပြန်ပွင့်ပေမဲ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလုံး စိတ်ချလက်ချ မောင်းလို့ရမယ့် အခြေအနေမျိုး ရှိမရှိကတော့ စောင့်ကြည့်ရဦးမှာပဲဗျ။”
မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု တန်ဖိုး၏ အဓိက ရာခိုင်နှုန်း အများစုကို ကုန်စည်စီးဆင်းပေးနေသည့် တံတားကြီးဖြစ်ပြီး၊ ယခုကဲ့သို့ တစ်ဖက်သတ် ပို့ကုန်တင်ပို့မှုသာ ခွင့်ပြုထားသည့် မမျှတသော ကုန်သွယ်ရေးမူဝါဒနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ရေရှည်တွင် ကုန်သွယ်မှု ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း ရှိ၊ မရှိကို ကုန်သည်များက ဆက်လက်စောင့်ကြည့်လျက်ရှိသည်။
ဓါတ်ပုံ – กิตติศักดิ์ บุญจันทร์