စစ်အုပ်စုသစ်လက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်။

တရားမဝင် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်းလာသည့် စစ်အုပ်စုသစ် လက်ထက်တွင် မြေပြင်၌ စစ်ရေးအရ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် လျော့ကျသွားခြင်းမရှိဘဲ ပိုမိုဆိုးရွားလာနေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုလိုက်သည်။

အဆိုပါ စစ်အုပ်စုသည် တရားဝင်အုပ်ချုပ်သူများအဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုရရှိရန် ကြိုးပမ်း နေသော်လည်း၊ မြေပြင်လက်တွေ့တွင်မူ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ပိုမို လုပ်ဆောင်လာနေသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ ဒါရိုက်တာ မမေက လူထုရဲ့ ဝင်ငွေရ လမ်းကြောင်း၊ စားနပ်ရိက္ခာ လမ်းကြောင်း အဓိက ကျမတို့ ဆန်စပါးစိုက်တဲ့ ဒေသတွေကို ပစ်မှတ်ထား တိုက် ခိုက်နေတဲ့ဟာမျိုး ဖြစ်တယ်။ အခုအခါ စစ်တပ်က စစ်ကြောင်းထိုးတာ ရှိသလို လေယာဉ်နဲ့ ကြဲတာ၊ ဒရုန်းနဲ့ ကြဲတာ ဒီဟာတွေကလည်း နေ့စဉ် လုပ်နေတဲ့ဟာမျိုး ဖြစ်တယ်ပေါ့နော်။ ဒါက ကျမတို့ပြည်နယ်အတွက် အသက်ရှင်နေထိုင်ဖို့ အတွက်ကို စစ်ကောင်စီက နေပြီးတော့ သူ့ strategy (ဗျူဟာ) ကျကျပေါ့နော် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဟာမျိုး ဖြစ်ပါတယ်ပေါ့နော်ဟု ပြောသည်။ 

အထူးသဖြင့် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာဒေသများ သာမကဘဲ အရပ်သားများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကိုပါ နေ့စဉ်နှင့်အမျှ လေကြောင်းမှ ပစ်မှတ်ထား တိုက် ခိုက်နေသည်။ 

မြန်မာ့လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်ကလည်း မြေပြင် အခင်းအကျင်းက တစ်ခုမှလည်း အကောင်းဘက်ကို ရှိမနေဘူးနော်။ ပိုပြီးတော့ ဆိုးလာတယ်။ ဆိုတော့ ပိုပြီး တော့ ပြတ်သားရမယ်နော်။ စစ်အုပ်စုကလည်း ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာတယ် ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများအပေါ် အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများလည်း ပိုမိုမြင့်တက်လာနေသည်။ 

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ အချက်အလက်စောင့်ကြည့်မှုများအရ ပြီးခဲ့သည့် ဧပြီလတစ်လတည်းတွင်ပင် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၄၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ မယဉ်မျိုးလှိုင်က အတုအယောင် ရွေးကောက်ပွဲ ပြီးနောက်ပိုင်းမှာ အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုတွေ အခြေအနေကတော့ ပိုဆိုးလာ တယ်လို့ ကျမတို့ ပြောရမယ်ပေါ့နော်။ ကျမတို့ BWU က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ၊ ဒီအမျိုးသမီး သေဆုံးမှုနှုန်းတွေအရ ဒီအချက်အလက် စောင့်ကြည့်မှုအရ ကြည့်ရမယ်ဆိုရင် သေဆုံးမှုနှုန်းတွေက ပိုမြင့်တက် လာတာကို တွေ့ရတယ်။ အကြမ်းဖက်မှုတွေကလည်း မြေပြင်မှာ ပိုများလာတယ်ပေါ့နော် ဟု ပြောသည်။

မြေပြင်တင်မကဘဲ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား/သူများ ၏ အခြေခံလူ့အခွင့်အရေးနှင့် အသက်ရှင်သန်ခွင့်များလည်း ဆိုးရွားစွာ ဆုံးရှုံးနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။ 

ထောင်တွင်း ဆေးဝါးကုသခွင့် မလုံလောက်မှုကြောင့် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် ပြည်မြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် နိုင်ကျဉ်း ကိုဌေးအောင်နိုင်နှင့် မေလ ၂၃ ရက်နေ့တွင် နိုင်ကျဉ်း ကိုမြင့်နိုင် (ခ) မြင့်စိုးတို့ ထောင်တွင်း၌ ဆက်တိုက်သေဆုံးခဲ့ရသည်။

တစ်ဖက်တွင်လည်း ပြည်သူများ သတင်းအမှန်မသိရှိစေရန် သတင်းအမှောင်ချခြင်းနှင့် လွတ်လပ်သော မီဒီယာ များကို ပိတ်ဆို့ဖြိုခွဲခြင်းများကို လုပ်ဆောင်လာနေသည်။ 

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင်လည်း မြေလတ်အသံ (Myaelatt Athan)၊ Red News Agency နှင့် Asia Citizens သတင်းဌာနတို့ကို သတင်းလုပ်ငန်းလိုင်စင် ပိတ်သိမ်းကြောင်း စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ရွေးကောက်ပွဲ ကာလတုန်းက ဒီဂျစ်တယ်ပလက်ဖောင်းသုံးပြီးတော့ အဖမ်းခံရတဲ့သူ ၂၀၀ ကျော် ရှိတာပေါ့နော်။ အခုလည်း နည်းပညာမျိုးစုံနဲ့ အထူးသဖြင့် လွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေရဲ့ မီဒီယာတွေကို ပြည်သူတွေ ဖတ်လို့ မရအောင် ပိတ်ထားဆို့ထား အဲဒါတွေက ဆက်ရှိနေတုန်းပဲဗျ။ အဲတော့ ကျနော်ထင်ပါတယ် မြန်မာပြည်ရဲ့ ဒီဂျစ်တယ် အခွင့်အရေးက ကမ္ဘာပေါ်မှာ အချိုးဖောက်ခံရဆုံး၊ ရှေ့လျှောက်လည်း ထပ်ပြီးတော့ ပိုပြီးတော့ ကျပ်တည်းဖို့ပဲ ဆက်လုပ်သွားမယ်လို့ ပြောပါရစေခင်ဗျာ ဟု ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီဂျစ်တယ်အခွင့်အရေး အဆိုးရွားဆုံး ချိုးဖောက်ခံနေရသည့် နိုင်ငံဖြစ်နေပြီး ရှေ့လျှောက်တွင်လည်း ပိုမိုကျပ်တည်းလာနိုင်ကြောင်း IPCM က သုံးသပ်ထားသည်။

ထို့ကြောင့် နိုင်ငံတကာနှင့် အာဆီယံအနေဖြင့် စစ်အုပ်စုနှင့် ဆက်စပ်ပတ်သက်နေမှုအားလုံးကို ချက်ချင်း ဖြတ် တောက်ရပ်ဆိုင်းရန်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများအပြင်၊ စစ်တပ်၏ ရိက္ခာနှင့် ဆေးဝါးပိတ်ဆို့ ဖြတ်တောက်မှုဒဏ်ကို ခံနေရသည့် စစ်ဘေးရှောင်ပြည်သူများကို  ထိရောက်သည့် အကာအကွယ်နှင့် အကူအညီ များ ပေးအပ်ရန် ND-Burma အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။