မြန်မာ့အရေး ကြားဝင်စေ့စပ်ရန် ဒေသတွင်း ဗိုလ်ချုပ်ကြီး တစ်ဦးကို တာဝန်ပေးရန် တီမော အဆိုပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
မြန်မာနိုင်ငံတွင် ရေရှည်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို တုံ့ပြန်ရန်အတွက် အရှေ့တောင်အာရှဒေသမှ အငြိမ်းစား ကြယ်လေးပွင့်အဆင့်ရှိ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအား ကြားဝင်စေ့စပ်သူအဖြစ် တာဝန်ပေးအပ်ရန် တီမော့ လက်ရှ်တေး နိုင်ငံသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ (Jose Ramos-Horta) က အဆိုပြုလိုက်သည်။
ထို့အပြင် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အပြန်အလှန် အလှမ်းကွာနေသော အစုအဖွဲ့အားလုံးကို တစ်နေရာတည်းတွင် တွေ့ဆုံဆွေးနွေးစေကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြေရှင်းချက်တစ်ခု ရှာဖွေရန်လည်း အဆိုပြုထားသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ရှန်ဂရီလာ ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားပြီးနောက် တက်ရောက်လာသူတစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သမ္မတ မစ္စတာ ရာမို့စ် ဟော်တာက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်အားလုံးနဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေဟာ ကြိုတင်ကန့်သတ်ချက်တွေ၊ လုပ်ငန်းစဉ် ဇယားတွေ မထားဘဲ တစ်နေရာတည်းမှာ အတူတကွ ပူးပေါင်းတွေ့ဆုံကြဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လှုပ်ရှားမှုတစ်ရပ်လုံးကို အရှေ့တောင်အာရှဒေသမှ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး၊ အထူးသဖြင့် အငြိမ်းစား ကြယ်လေးပွင့်အဆင့်ရှိ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက လမ်းညွှန်မှုပေးနိုင်ကြောင်းနှင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအေဂျင်စီများကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ကာ မြန်မာပြည်သူများ၏ လူမှုဒုက္ခဝေဒနာများကို သက်သာလျော့ပါးစေမည်ဖြစ်ကြောင်း သမ္မတက ထောက်ပြခဲ့သည်။
ယခုအဆိုပြုချက်သည် အာဆီယံ၏ အဖွဲ့ဝင်သစ်ဖြစ်လာသည့် တီမောလက်စ်တေနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုများ ဖြစ်ပွားနေသည့် ကာလအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နေပြည်တော်ရှိ တီမောလက်စ်တေ သံတမန်မစ်ရှင်အကြီးအကဲကို မြန်မာအာဏာပိုင်များက နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။
အဆိုပါ သံတမန်ရေးရာ အငြင်းပွားမှုသည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မြန်မာစစ်တပ်အပေါ် တရားစွဲဆိုရန် တီမောလက်စ်တေ တရားရေးဌာနသို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင် တင်သွင်းခဲ့ခြင်းကြောင့် စတင်ခဲ့ခြင်း ဖြစ်သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြရာတွင် — ၎င်းတို့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် သီးခြားလွတ်လပ်သော တရားစီရင်ရေးစနစ်ရှိပြီး ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် အများစုအပေါ် ကိုယ်ချင်းစာစာနာစိတ်ရှိမည့် နိုင်ငံတစ်နိုင်ငံကို ရှာဖွေရာတွင် တီမောလက်စ်တေနိုင်ငံကို ရွေးချယ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သမ္မတ ရာမို့စ် ဟော်တာက ၎င်း၏မိန့်ခွန်းအတွင်း မြန်မာ့ပြည်တွင်းစစ်ပဋိပက္ခသည် “အာဆီယံအဖွဲ့ကြီး၏ ထူးချွန်ပြောင်မြောက်လှသည့် အောင်မြင်မှု မှတ်တမ်းများအပေါ် စွန်းထင်စေသည့် အမည်းစက်တစ်ခု ဖြစ်သည်” ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။
သမ္မတ ရာမို့စ် ဟော်တာက အရှေ့တောင်အာရှ နိုင်ငံတစ်ခုခုက ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟု ပြောရာတွင် မည်သည့်နိုင်ငံမှ မည်သူမည်ဝါဖြစ်ရမည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါ။