ဆွေးနွေးပွဲတွေရပ်ပြီး ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်ဆို့မည်ဟု အီရန်ပြော၊ ရေနံဈေး ခုန်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်။ 

အမေရိကန်ပြည်ထောင်စုနှင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရပ်ဆိုင်းလိုက်ပြီး ကမ္ဘာ့ရေနံစွမ်းအင် တင်ပို့မှုတွင် အချက်အချာကျသည့် ‘ဟော်မုဇ်ရေလက်ကြား’ (Strait of Hormuz) ကို အပြည့်အဝ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် တက်စ်နင် (Tasnim) သတင်းဌာနက ဇွန်လ ၁ ရက် (တနင်္လာနေ့) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့အပေါ် အစ္စရေးက လေဘာနွန်နိုင်ငံအတွင်း စစ်ဆင်ရေးများ ဆင်နွှဲနေခြင်းကြောင့် အဆိုပါဆွေးနွေးပွဲများ ပျက်ပြားသွားရခြင်းဖြစ်ကြောင်း အီရန်ဘက်က ဖြည့်စွက်ပြောဆိုသည်။ 

ဤသတင်း ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်းသည် ၇ ရာခိုင်နှုန်းကျော်အထိ ရုတ်ချည်း မြင့်တက်သွားခဲ့သည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က CNBC သတင်းဌာနနှင့် ပြုလုပ်သည့် ဖုန်းအင်တာဗျူးတွင် အီရန်နှင့် ဆွေးနွေးပွဲများ ပျက်ပြားသွားခြင်းအပေါ် မိမိအနေဖြင့် ဂရုမစိုက်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲများသည် အချိန်ကြာမြင့်နေပြီး အလွန်ပျင်းစရာကောင်းလာကြောင်း၊ အမေရိကန်ပြည်သူများအနေဖြင့် အီရန်၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တားဆီးနိုင်ရန်အတွက် ဓာတ်ဆီစျေးနှုန်း အနည်းငယ် ပိုမိုပေးဆောင်ရခြင်းကို လက်ခံကြမည်ဖြစ်ပြီး စျေးနှုန်းများသည်လည်း မကြာမီ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။

ဒါ့အပြင် ဥရောပနေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်ထက် အဆိုပါရေလက်ကြားကို ပိုမိုမှီခိုနေရသဖြင့် ဤကိစ္စတွင် ဝင်ရောက်ကူညီသင့်ကြောင်း သမ္မတထရမ့်က ထောက်ပြခဲ့သည်။ 

တစ်ဖက်တွင်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟစ်ဇဘိုလာအဖွဲ့ဘက်က တိုက်ခိုက်မှုများမရပ်တန့်ပါက ဘေရွတ်မြို့ရှိ အကြမ်းဖက်ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသည်။ 

လက်ရှိတွင် ၄ လမြောက်သို့ ရောက်ရှိလာပြီဖြစ်သည့် စစ်ပွဲကြောင့် အပြန်အလှန် ပိတ်ဆို့မှုများအောက်တွင် ဟော်မုဇ်ရေလက်ကြား ကုန်သွယ်မှုများသည် သိသိသာသာ လျော့နည်းနေဆဲဖြစ်ပြီး ဒေသတွင်းစစ်မီး ပိုမိုကူးစက်လာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။