အီရန် စစ်ပွဲ အရှိန်မြင့်ဆဲ၊ နေတိုးမဟာမိတ်များက ထရမ့်တောင်းဆိုချက်ကို ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ၁၇ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီး အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးသည် ဒရုန်းနှင့် ဒုံးကျည်များဖြင့် အပြင်းအထန် တိုက်ခိုက်ခံခဲ့ရပါသည်။
ဤတိုက်ခိုက်မှုသည် စစ်ပွဲကာလအတွင်း အပြင်းထန်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။
အစ္စရေးစစ်တပ်သည် အီရန်မြို့တော် တီဟီရန်အပါအဝင် ရှီရပ်ဇ် (Shiraz) နှင့် တဘရစ်ဇ် (Tabriz) မြို့ကြီးများကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တီဟီရန်မြို့အတွင်း ပျက်စီးမှုများစွာ ရှိခဲ့ပါသည်။
တစ်ဖက်တွင်လည်း ယူအေအီး (UAE) နိုင်ငံသည် လေကြောင်းအန္တရာယ်ကြောင့် ပိတ်ထားသော လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အရပ်ဘက်လေကြောင်းအာဏာပိုင်က ထုတ်ပြန်ခဲ့ပါသည်။
သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် စစ်သင်္ဘောများစေလွှတ်ရန် မဟာမိတ်များနှင့် တရုတ်နိုင်ငံကို တောင်းဆိုခဲ့သော်လည်း ငြင်းဆိုခြင်း ခံခဲ့ရပါသည်။
ဗြိတိသျှဝန်ကြီးချုပ် ကီယာ စတာမာက ဗြိတိန်အနေဖြင့် စစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သလို၊ ဂျာမနီအဓိပတိ ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) ကလည်း ဤပဋိပက္ခသည် နေတိုး (NATO) နှင့် မသက်ဆိုင်ကြောင်း ဆိုခဲ့ပါသည်။
သို့သော် နေတိုးအဖွဲ့နှင့် မဟာမိတ်များသည် မြေထဲပင်လယ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ရန် ပြင်ဆင်နေကြပါသည်။
၎င်းအပြင် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီခေါင်းဆောင်များက အစ္စရေးအနေဖြင့် လက်ဘနွန်သို့ မြေပြင်ထိုးစစ်မဆင်ရန် ပူးတွဲသတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။
မြေပြင်ထိုးစစ်လုပ်ခဲ့မည်ဆိုပါက လူသားချင်းစာနာမှုဆိုင်ရာ ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာမည်ဟု ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။