ကမ္ဘာ့စစ်အသုံးစရိတ်နှင့် အတူ အာရှ စစ်သုံးစရိတ်များ စံချိန်တင် မြင့်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။
ကမ္ဘာတစ်ဝှမ်း စစ်အသုံး စရိတ် မြင့်တက်လာနေသကဲ့သို့ အာရှတိုက်တွင်လည်း စစ်အသုံးစရိတ်များ စံချိန်တင် မြင့်တက်လာနေသည်ဟု SIPRI Military Expenditure Database တွင် ဖော်ပြထားသည်။ SIPRI မှာ ဆွီဒင် နိုင်ငံ အခြေစိုက် Stockholm International Peace Research Institute ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စစ်စရိတ်သုံးစွဲမှုသည် အမေရိကန်ဒေါ်လာ ၂.၉ ထရီလီယံနီးပါး အထိ သမိုင်းစံချိန်တင် မြင့်တက်လာခဲ့သည်။
အမေရိကန်က ဒေါ်လာ ၉၅၄ ဘီလီယံနဲ့ ကမ္ဘာ့နံပါတ်တစ်နေရာမှာ ဆက်ရှိနေပြီး၊ ဥရောပနိုင်ငံများသည်လည်း ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စစ်စရိတ်များ သိသိသာသာ တိုးမြှင့်လာကြသည်။
သို့သော်လည်း တစ်ဖက်တွင် အာရှ-ပစိဖိတ်ဒေသတွင်း တင်းမာမှုများနှင့် လုံခြုံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်း က အာရှနိုင်ငံများကို စစ်စရိတ် အရှိန်အဟုန်ဖြင့် တိုးမြှင့်လာစေခဲ့သည်။
အာရှတွင် စစ်အသုံးစရိတ် အများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၃၆ ဘီလီယံဖြင့် ကမ္ဘာတွင် ဒုတိယ အများဆုံးလည်း ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံမှာ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း စစ်စရိတ် တစိုက်မတ်မတ် တိုးမြှင့်လာသည့် နိုင်ငံလည်း ဖြစ်သည်။
အာရှတွင် ဒုတိယ စစ်အသုံးစရိတ် အများဆုံးနိုင်ငံမှာ အိန္ဒိယ နိုင်ငံဖြစ်ပြီး ကမ္ဘာတွင် ပဉ္စမလိုက်သည့် နိုင်ငံ ဖြစ်သည်။ အိန္ဒိယမှာ ပါကစ္စတန်နှင့် နယ်စပ်တင်းမာမှုများ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် စစ် အသုံးစရိတ်မှာ ၉၂ ဘီလီယံ ဒေါ်လာ ရှိခဲ့သည်။
တတိယမြောက် အာရှ၏ စစ်စရိတ် အများဆုံး အသုံးပြုသည့် နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။ စုစုပေါင်း အသုံးစရိတ် အမေရိကန် ဒေါ်လာ ၆၂ ဘီလီယံရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး စစ်ရေးပြန်လည်တည်ဆောက်မှုကို ထင်ဟပ်နေစေသည်။
စတုတ္ထ အများဆုံး နိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံဖြစ်ပြီး အသုံးစရိတ် ဒေါ်လာ ၄၈ ဘီလီယံ ရှိခဲ့သည်။ တောင်ကိုရီးယားမှာ မြောက်ကိုရီးယား၏ စစ်ရေး တည်ဆောက်မှုကို အပြိုင်လိုက်နေရသည့် နိုင်ငံလည်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည် တိုးတက်လာမှုနှင့်အတူ အိမ်နီးချင်းအာရှနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ထိုင်ဝမ် နှင့် စင်ကာပူ နိုင်ငံများသည် မိမိတို့၏ ကာကွယ်ရေးအသုံးစရိတ်များကို မဖြစ်မနေ လိုက်လံတိုးမြှင့်နေကြရခြင်းဖြစ်သည်။
အထူးသဖြင့် ဂျပန်နိုင်ငံသည် ဒေါ်လာ ၆၂ ဘီလီယံကျော်အထိ အသုံးပြုကာ စံချိန်တင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာခြင်းက အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးပြိုင်ဆိုင်မှု မည်မျှအထိ ပြင်းထန်နေကြောင်း ပြသနေသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့စစ်စရိတ်ဇယားကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့စစ်ရေးအင်အားချိန်ခွင်လျှာသည် အမေရိကန်နှင့် ဥရောပတင်မကဘဲ… အာရှဒေသတွင်း နိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုများကြောင့်ပါ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိနေသည်။
ကမ္ဘာတစ်ဝှမ်းတွင်တော့ အမေရိကန် ပြည်ထောင်စုက အမေရိကန် ဒေါ်လာ ၉၅၄ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။