ကမ္ဘာ့စစ်စရိတ်သုံးစွဲမှု ဒေါ်လာ ၂.၉ ထရီလီယံအထိ မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။ 

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း စစ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂.၉ ထရီလီယံအထိ ရှိလာပြီး ၎င်းမှာ လွန်ခဲ့သော ၁၆ နှစ်အတွင်း အမြင့်ဆုံးပမာဏ ဖြစ်သည်ဟု ဆိုသည်။ 

ဥရောပနိုင်ငံများဖြစ်သည့် ဘယ်လ်ဂျီယံ၊ စပိန်နှင့် နော်ဝေတို့တွင် စစ်စရိတ် ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့သည်။ 

ဂျာမနီနိုင်ငံမှာလည်း ကမ္ဘာ့စစ်စရိတ် စတုတ္ထမြောက် အများဆုံးသုံးစွဲသည့် နိုင်ငံဖြစ်လာသည်။ 

အာရှတွင် တရုတ်နိုင်ငံသည် ၃၁ နှစ်ဆက်တိုက် စစ်စရိတ်တိုးမြှင့်ခဲ့ပြီး ဂျပန်နှင့် ထိုင်ဝမ် နိုင်ငံများကလည်း လက်နက်အတွက် ပိုက်ဆံ ပိုမို သုံးစွဲလာကြသည်။   

အမေရိကန်နိုင်ငံမှာမူ အီရန်စစ်ပွဲကြောင့် ၂၀၂၆ ခုနှစ်တွင် စစ်စရိတ် ဒေါ်လာ ၁ ထရီလီယံကျော်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

စစ်ဖြစ်ပွားနေသည့် ယူကရိန်း၊ ရုရှားနှင့် အီရန်တို့တွင်လည်း စစ်စရိတ်များ သိသိသာသာ တိုးမြင့်နေကြောင်း စီပရီ (SIPRI) က သုံးသပ်ထားသည်။