စစ်တပ်ဒရုန်းဗုံးကြောင့် ထိုင်းနိုင်ငံဘက်ကမ်းရှိ မြန်မာမိသားစု ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။

ကရင်ပြည်၊ မြဝတီမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန် စစ်တပ်၏ အသေခံဒရုန်းဗုံးတစ်စီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား မိသားစု ၃ ဦး သေဆုံးပြီး အခြား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း နယ်စပ်လုံခြုံရေး သတင်းရင်းမြစ်များက ပြောသည်။

ထို့ပြင် တိုက်ပွဲပြင်းထန်မှုကြောင့် နယ်စပ်အနီးရှိ ကျေးရွာများမှ မြန်မာစစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ ကျော်သည် နယ်စပ်တစ်လျှောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ၎င်းတို့အနက် လူဦးရေ ၂၀၀ ဝန်းကျင်မှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းသို့ ဝင်ရောက်ခိုလှုံလာသဖြင့် ထိုင်းအာဏာပိုင်များက ယာယီနေရာများ၌ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ ပေးထားရသည်။

ဇွန်လ ၂ ရက်နေ့ကတည်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုင်းနိုင်ငံ၊ ဖုတ်ဖရတ်မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းရှိ စစ်တပ်၏ ‘သီချာ လဲ’ စခန်းကို ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲပြင်းထန်နေချိန်၊ ဇွန်လ ၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် မြန်မာဘက်ခြမ်းမှ ပျံသန်းလာသည့် အသေခံဒရုန်းတစ်စီးသည် ထိုင်းနိုင်ငံ၊ ဖုတ်ဖရတ်မြို့နယ်၊ မောကဲ(ရ်)ထိုင်ကျေးရွာရှိ ငရုတ်စိုက်ခင်းအတွင်း ကျရောက်ခဲ့ခြင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ သစ်ပင်ကို ဝင်တိုက်မိခဲ့သည်ဟု ထိုင်းသတင်းများက ဆိုသည်။

ထိုသို့တိုက်မိပြီးနောက် ဒရုန်းကိုယ်ထည်မှာ လမ်းဘေးသို့ ကျသွားခဲ့သော်လည်း ၎င်းတွင် ပါရှိလာသည့် ပြင်းအား မြင့် ဗုံးသီးမှာ ငရုတ်ခင်းအလယ်သို့ ပြုတ်ကျကျန်ရစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ငရုတ်ခင်းအတွင်း အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦးသည် အဆိုပါဗုံးသီးကို သွားရောက် ကြည့်ရှုချိန်၌ ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။ 

ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူတို့မှာ ပြင်းထန် သော ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ပင် သေဆုံးသွားခဲ့ရသည်။ 

ထို့ပြင် စိုက်ခင်းအတွင်းအတူရှိနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ လည်း ကျည်စထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် လက်ရှိတွင် မဲဆောက်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည်။

အခြေအနေကို သိသည့် မြန်မာဒေသခံတစ်ဦးက ၉ နာရီခွဲလောက်ကတည်းက လက်နက်ကြီးသံတွေ တောက် လျှောက်ကြားနေရတာ။ ဖုတ်ဖရတ်ဘက်မှာ ကျသွားတဲ့ ဒရုန်းက မြန်မာစစ်တပ်ဘက်က သုံးနေတဲ့ အသေခံ ဒရုန်း အမျိုးအစားလို့ ပြောကြတယ်ဗျ။ KNLA တပ်စခန်းတွေနဲ့ ရှေ့တန်းကုန်းတွေကိုလည်း အဲဒီဒရုန်းတွေနဲ့ပဲ တရစပ်တိုက်ခိုက်နေတာ။ ကိုယ်တို့ဆီမှာတော့ အမြဲသတိနဲ့နေရတယ်၊ လေယာဉ်သံနဲ့ ဒရုန်းသံကို အမြဲနားစွင့် နေရတယ် ဟု ပြောသည်။

လတ်တလောတွင် ဖုတ်ဖရတ်ရဲစခန်းမှူး တာဝန်ရှိသူများ ဦးဆောင်သော ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့များနှင့် မှုခင်းဆရာဝန်များက အဆိုပါ ဒရုန်းဗုံးပေါက်ကွဲခဲ့သည့် နေရာကို ‘အန္တရာယ်ဇုန်’ အဖြစ် သတ်မှတ်ကာ သက်သေခံအထောက်အထားများ ရှာဖွေနိုင်ရန် ပိတ်ဆို့စစ်ဆေးလျက်ရှိသည်။

ထို့ပြင် ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက်ရှိ ပြည်သူများနှင့် စစ်ဘေးရှောင်များအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ်ရာ မပေါက်ကွဲသေးသည့် ဝတ္ထုပစ္စည်းများနှင့် ဒရုန်းအပျက်အစီးများကို တွေ့ရှိပါက လုံးဝကိုင်တွယ်ရွှေ့ပြောင်းခြင်း မပြုလုပ်ကြရန် အရေးပေါ်သတိပေးထားသည်။

ဓါတ်ပုံ – จังหวัดตาก 24 ชั่วโมง