ထိုင်းလေတပ်သည် ဒရုန်းပေါ်မှ ဒုံးကျည် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်မှု အောင်မြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
ထိုင်းတော်ဝင်လေတပ် (RTAF) သည် ဒရုန်းယာဉ်ပေါ်မှ လေကြောင်းသုံးဒုံးကျည် (Aerial Rocket) ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
ယင်းသည် အနာဂတ်ကာလ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် AI နည်းပညာနှင့် လေဆာလက်နက် တီထွင်ဆန်းသစ်မှုဆိုင်ရာ အရေးပါသည့် ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း ထိုင်းတော်ဝင်လေတပ်က ဆိုသည်။
အဆိုပါ စမ်းသပ်မှုကို ဇွန်လ ၂ ရက် (အင်္ဂါနေ့) က ထိုင်းတော်ဝင်လေတပ်၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနှင့် ထိုင်းပြည်တွင်း ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် NAC Drone တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
စမ်းသပ်မှုတွင် ကမ္ဘာတစ်ဝန်းရှိ စစ်တပ်များက လေကြောင်းပစ်ကူပေးရေး (Close Air Support) မစ်ရှင်များ၌ အကျယ်တဝင့် အသုံးပြုလျက်ရှိသော ၂.၇၅ လက်မ အရွယ်အစားရှိ လေကြောင်းသုံးဒုံးကျည်ကို အသုံးပြုခဲ့သည်။
စမ်းသပ်မှုအတွင်း ဒရုန်းသည် ဒုံးကျည်ပစ်လွှတ်လိုက်သည့်အချိန်၌ ဟန်ချက်ပျက်ခြင်း သို့မဟုတ် ထိန်းချုပ်မှုလွတ်သွားခြင်းမျိုး မရှိဘဲ တည်ငြိမ်စွာ ဆက်လက်ပျံသန်းနိုင်ခဲ့ပြီး စီစဉ်ထားသည့်အတိုင်း ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။
လေတပ်စစ်လက်နက်ပစ္စည်းဌာနသည် အဆိုပါဒုံးကျည်ကို ဒရုန်းမှ ပစ်ခတ်နိုင်စေရန်အတွက် ပစ်ခတ်မှုထိန်းချုပ်ရေးစနစ် (Fire-control system) ကို ကိုယ်တိုင်တီထွင်ခြင်း၊ ဒုံးကျည်ပစ်လွှတ်စင်ပြွန် (Launch tube) ကို ပုံစံထုတ်ခြင်းနှင့် နောက်ခံစနစ်များကို မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။