ကိုယ်ကျိုးစီးပွားအခြေခံကာ စစ်အုပ်စုနှင့် ထိတွေ့မှုများအပေါ် တော်လှန်ရေးအဖွဲ့များ သတိပေး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။

မိမိတို့ နိုင်ငံ အကျိုးစီးပွားများအတွက် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို အသိအမှတ်ပြုပြီး အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခြင်းသည် မြန်မာနိုင်ငံအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ကြောင်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းအချို့က နိုင်ငံတကာသို့ သတိပေး ပြောဆိုလိုက်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည့် စစ်အုပ်စုအား အိမ်နီးချင်းနိုင်ငံအချို့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့၏ အကျိုးစီးပွားအပေါ် အခြေခံပြီး ထိတွေ့ဆက်ဆံလာသည့်အပေါ် တော်လှန်ရေးအဖွဲ့အချို့က ထိုသို့ သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က သူတို့ကိုယ်၌က တောင်း ဆိုထားတဲ့ 5 Point consensus (မူဝါဒ ၅ ချက်) ဆိုလို့ရှိရင် ဒါတွေကိုလည်း မင်းအောင်လှိုင်က လုပ်တာလည်း မဟုတ်ဆိုတော့ သူတို့ကလည်း တကယ့်မြန်မာ့နိုင်ငံရေးရဲ့ မြေပြင်အနေအထားကို တကယ်ထဲထဲဝင်ဝင် နား လည်ဖို့ လိုတယ်ပေါ့နော်။ ဆိုတော့ သူတို့ရဲ့အကျိုးစီးပွားအတွက် မင်းအောင်လှိုင်ကို အသိအမှတ်ပြုမယ်၊ မင်းအောင်လှိုင်နဲ့ ပေါင်းပြီးတော့မှ ငြိမ်းချမ်းရေး Process ကို လုပ်မယ်ဆိုရင်တော့ တကယ်စစ်မှန်တဲ့ ငြိမ်း ချမ်းရေးက ဖြစ်လာမှာမဟုတ်ဘူးလို့ အဲလိုပဲ ရှုမြင်ပါတယ်ပေါ့နော် ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့က ၎င်းတို့၏ အကျိုးစီးပွားများအတွက် အတုအယောင် ရွေးကောက်ပွဲကတစ်ဆင့် သမ္မတရာထူးယူထားသည့် ဦးမင်းအောင်လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံ မှုများကို လုပ်ဆောင်နေသကဲ့သို့၊ ငြိမ်းချမ်းရေး လုပ်ငန်းများတွင်လည်း ပံ့ပိုးကူညီမည်ဟု ပြောဆိုထားသည်။

သို့သော် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့၏ ပံ့ပိုးမှုများနှင့် လုပ်ဆောင်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ၊ နိုင်ငံတကာက အသိအမှတ်ပြုလာအောင် လုပ်ဆောင်မည့် စစ်အုပ်စု၏ အစီအစဉ်သာ ဖြစ်သည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

ကျနော်တို့က ဒီတကယ်တမ်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ တကယ်တမ်း Sustainable peace (ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး)ကို သွားချင်တယ်ဆိုရင် ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို ကျနော်တို့ ၂၀၀၄ ခုနှစ်ကတည်းက ကျနော်တို့ ချပြခဲ့ပြီးပြီလေနော်။ ဒါ့အပြင်ကို ကျနော်တို့ သွားသင့်တဲ့ နိုင်ငံရေး Dialogue ပေါ့နော် အဆင့် ၉ ဆင့်ကိုလည်း ကျနော်တို့ ချပြခဲ့ပြီးပြီ။ ဆိုတော့ ဒါက အခုသွားမဲ့ အစီအစဉ်ကတော့ ခုနက ကျနော်ပြောသလိုပဲ ၂၀၀၈ ကို အခြေခံတဲ့ NCA အောက်ကနေပြီးမှ သွားနေတဲ့ မင်းအောင်လှိုင်ရဲ့ ဒီ Process တွေဖြစ်တယ်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် ရပ်တန့်နေသည့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတို့ကို ပြန်လည်အသက်သွင်းရန် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီမံကိန်းမှန်သမျှကို ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် ကိုယ်ကျိုးစီးပွားကို အခြေခံပြီး စစ်အုပ်စုကို အသိအမှတ်ပြုထားသည်။ 

ထို့အတူ ထိုင်းနိုင်ငံအနေဖြင့်လည်း စစ်အုပ်စုကို အာဆီယံတွင် ပြန်လည်ပါဝင်ခွင့်ရရေးအတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးမှတစ်ဆင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရန် အဖွဲ့ဝင်နိုင်ငံများကို တွန်းအားပေး ပြောဆိုထားသည်။

ထို့ပြင် အိန္ဒိယအစိုးရအနေဖြင့်လည်း ရခိုင်ပြည်အတွင်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင် ရေး စီမံကိန်းအပါအဝင် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုသည့် သဘောဆောင်သည့် ဖိတ်ခေါ်မှုများဖြင့် ထိတွေ့ဆက်ဆံလာသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

အခြားတစ်ဖက်တွင် စစ်အုပ်စုအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ငြိမ်းချမ်း ရေး ဖြစ်စဉ်တွင် ပါဝင်မည့် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသွားမည် ဟု နိုင်ငံတကာကို ပြောဆိုထားသည်။

ထိုသို့ပြောဆိုထားသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင် တော် လှန်ရေး အစုအဖွဲ့ များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့သော အဖွဲ့အစည်းများကိုမူ ဆွေးနွေးမည့် စာရင်းထဲတွင် ထည့်သွင်းထားခြင်း မရှိပေ။

စစ်တပ်က တော်လှန်ရေးအင်အားစုများကို ဆွေးနွေးဖက်များအဖြစ် မသတ်မှတ်ထားသော်လည်း တော်လှန်ရေး အဖွဲ့များအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဦးတည်ချက်များ အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

၎င်းက တော်လှန်ရေး အင်အားစုတွေ အားလုံးအနေနဲ့က ကျနော်တို့မှာ နိုင်ငံရေးဦးတည်ချက် ၆ ချက် ရှိတယ် လေနော်။ ဒီဦးတည်ချက် ၆ ချက်ကို အာမခံနိုင်တဲ့ အခြေအနေရောက်မှသာ ကျနော်တို့က ဒါငြိမ်းချမ်းစွာ အာ ဏာလွှဲပြောင်းရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုတဲ့ဟာ ဆွေးနွေးမယ်ပေါ့နော်။ ဒါကို ကျနော်တို့ NUG ရော တခြားတော်လှန်ရေး အင်အားစုတွေ အားလုံးရော SCEF အပါအဝင်ပေါ့နော CRPH တို့ NLDNUCC တို့ အကုန်လုံးက ဒီ ၆ ချက်ကို လက်ခံထားပြီး ဖြစ်ပါတယ်နော။ အဲတော့ ဒီတိုင်းပဲ ကျနော်တို့ ဆက်လက် ရပ်တည် ပြီးတော့ ဆက်သွားမှာ ဖြစ်ပါတယ်ဗျ ဟု ပြောသည်။

တော်လှန်ရေးအဖွဲ့အစည်းများ လက်ခံထားသည့် နိုင်ငံရေး ဦးတည်ချက် ၆ ချက်မှာ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး စစ်အုပ်စု၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်တို့ ပါဝင်သည်။

ထို့ပြင် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူ များ အတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ ဖြစ်သည်။