ကမ္ဘာ့ဖလားဝင်မည့် ဘရာဇီးအသင်း လေယာဉ်အား ရေဖြန်း ကောင်းချီးပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘရာဇီးအမျိုးသားဘောလုံးအသင်းသားများ စီးနင်းလိုက်ပါမည့် လေယာဉ်ကြီးသည် အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၊ နယူးဝေါ့ခ် (Newark) မြို့သို့ မထွက်ခွာမီ လေဆိပ်၌ ကံကောင်းခြင်းဆိုင်ရာ အထိမ်းအမှတ်အဖြစ် လေယာဉ်အား ရေဖျန်း၍ ကောင်းချီးပေးသည့်စနစ် (Flight Baptism) ကို ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ချန်ပီယံဆု (၅) ကြိမ်အထိ အများဆုံး ဆွတ်ခူးရရှိထားသည့် ဘရာဇီးအသင်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ၂၄ နှစ်ကြာ ချန်ပီယံဆုနှင့် ဝေးကွာနေသည့် အခြေအနေမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ယခုနွေရာသီတွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲကြီး၌ ဘရာဇီးအသင်းသည် ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးအသင်းစာရင်းတွင် ပါဝင်ခြင်းမရှိသဖြင့် အစစအရာရာ အဆင်ပြေချောမွေ့စေရန် တနင်္လာနေ့က ရီယိုဒီဂျနေးရိုးမြို့ရှိ Galeão (ဂါလီယောင်း) လေဆိပ်၌ ကံကောင်းခြင်းများ သယ်ဆောင်လာပေးမည့် ရိုးရာဓလေ့တစ်ခုအဖြစ် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဤအလေ့အထသည် ခရီးစဉ်အသစ်တစ်ရပ် ပြန်လည်စတင်ခြင်း သို့မဟုတ် ဂုဏ်ပြုခြင်း အထိမ်းအမှတ်များ ပြုလုပ်ရာတွင် လေကြောင်းလိုင်းများက လုပ်ဆောင်လေ့ရှိသည့် ထုံးစံတစ်ခုဖြစ်သည်။
ယင်းလုပ်ငန်းစဉ်သည် ခရစ်ယာန်ဘာသာဝင်များ၏ နှစ်ခြင်းမင်္ဂလာ ပေးသည့် သဘောတရားနှင့် ဆင်တူသဖြင့် “Flight Baptism” ဟု သတ်မှတ်ခေါ်ဆိုခြင်း ဖြစ်သည်။
ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလား ပွဲဦးထွက်ပွဲစဉ်အဖြစ် လာမည့် ဇွန်လ ၁၃ ရက်နေ့တွင် နယူးဂျာစီပြည်နယ်ရှိ MetLife ကွင်း၌ မော်ရိုကိုအသင်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။