ဗိုင်းရပ်စ် မျိုးကွဲပေါင်းများစွာကို ခံနိုင်ရည်ရှိမည့် ကာကွယ်ဆေးကို AI နည်းပညာဖြင့် ဖော်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်။
ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ် (University of Cambridge) မှ သုတေသီများသည် ကမ္ဘာ့ကပ်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဗိုင်းရပ်စ်မျိုးကွဲအမြောက်အမြားကို တစ်ပြိုင်နက် ခုခံနိုင်ရန်အတွက် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု၍ ကာကွယ်ဆေးကို တီထွင်လိုက်သည်။
ယင်းသည် ကာကွယ်ဆေးတစ်ခု၏ အဓိကအစိတ် အပိုင်း (Antigen) ကို AI စနစ်ဖြင့် Super Antigent အဖြစ် အပြည့်အဝဒီဇိုင်းရေးဆွဲပြီး လူသားများနှင့် ပထမဆုံးအကြိမ် စမ်းသပ်စစ်ဆေးခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ကာကွယ်ဆေးများကို လက်ရှိဖြစ်ပွားနေသည့် ဗိုင်းရပ်စ်မျိုးဗီဇအပေါ် အခြေခံ၍ ထုတ်လုပ်ရသဖြင့် ဗိုင်းရပ်စ် အသွင်ပြောင်း (Mutate) တိုင်း ကာကွယ်ဆေးများမှာ ခေတ်နောက်ကျသွားလေ့ရှိသည်။
သို့သော် ယခုသုတေသနတွင် ကမ္ဘာတစ်ဝန်းရှိ စောင့်ကြည့်ရေးအစီအစဉ်များမှ ရရှိထားသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုဝင် မျိုးဗီဇကုဒ် (Genetic codes) များကို AI စနစ်ဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့ပြီး၊ ဗိုင်းရပ်စ်တစ်ခုလုံး၏ မိသားစုစုစုပေါင်းကို ခုခံနိုင်စွမ်းရှိမည့် “ဆူပါအန်တီဂျင်” (Super-antigen) တစ်ခုကို AI က ဒီဇိုင်းဆွဲပေးခဲ့ခြင်း ဖြစ်သည်။
ယခု AI ဒီဇိုင်းသုံး ကာကွယ်ဆေးသည် လက်ရှိ ကိုဗစ်-၁၉ (Covid-19) မျိုးကွဲအားလုံးအပြင်၊ တိရစ္ဆာန်များမှတစ်ဆင့် လူသားထံ ကူးစက်ပြီး ကမ္ဘာ့ကပ်ရောဂါအသစ် ဖြစ်လာနိုင်ခြေရှိသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စု အားလုံးကိုပါ ကြိုတင်ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ပထမအဆင့်အနေဖြင့် လူပေါင်း ၃၉ ဦးတွင် ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုကို စမ်းသပ်ခဲ့ပြီး၊ ဒုတိယအဆင့်အဖြစ် လူပေါင်း ၂၀၀ ခန့်ဖြင့် ကိုယ်ခံအားစနစ်အပေါ် ထိရောက်မှုရှိမည့် အခြေအနေကို ဆက်လက်လေ့လာနေသည်။
သုတေသနအဖွဲ့သည် ယခုနည်းပညာကို အသုံးပြု၍ အောက်ပါဆေးဝါးများကို တိရစ္ဆာန်များနှင့် ဆက်လက်စမ်းသပ်နေပြီ ဖြစ်သည် ။
– နှစ်စဉ် ပြန်လည်မွမ်းမံရန်မလိုဘဲ ရေရှည်ခံမည့် ရာသီတုပ်ကွေး ကာကွယ်ဆေး။
– လက်ရှိ ငှက်ကောင်ရေအမြောက်အမြားကို သေကျေပျက်စီးစေနေသည့် ဗိုင်းရပ်စ် လူသားထံ ကပ်ရောဂါအသွင်မကူးစက်မီ ကြိုတင်ကာကွယ်ရန်အတွက် ကြက်ငှက်တုပ်ကွေး (H5N1) ကာကွယ်ဆေး။
– လက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသော်လည်း ကာကွယ်ဆေးမရှိသေးသည့် ဗိုင်းရပ်စ်အမျိုးအစားအတွက် အီဘိုလာ (Ebola) ကာကွယ်ဆေး။
အောက်စဖို့ဒ် ကာကွယ်ဆေးအဖွဲ့ (Oxford Vaccine Group) ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ အင်ဒီ ပိုလတ် (Andy Pollard) က တိရစ္ဆာန်များနှင့် စမ်းသပ်မှုတွင် ထူးခြားသော ရလဒ်များ တွေ့ရကြောင်းနှင့် အဓိကအဆုံးအဖြတ်မှာ ယခုလူသားများနှင့် စမ်းသပ်မှုတွင် မည်သို့ထိရောက်မည်ဆိုသည့်အချက် ဖြစ်ကြောင်း သုံးသပ်သည်။
ထို့ပြင် AI နည်းပညာသည် ကာကွယ်ဆေးသုတေသနကဏ္ဍအတွက် အလှည့်အပြောင်း (Game changer) တစ်ခု ဖြစ်လာပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု ဆိုသည်။