အင်းလေး PDF ရဲဘော် ၂ ဦး သတင်းပေးကြောင့် နေရပ်ပြန်စဉ် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် နေရပ်သို့ ခေတ္တပြန်လာသည့် အင်းလေး ပြည်သူ့ ကာကွယ်ရေးတပ် (IPDF) တပ်ဖွဲ့ဝင် ၂ ဦး စစ်တပ်သတင်းပေးများကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း ကျေးရွာ တွင်းရှိ နီးစပ်သူများနှင့် IPDF တပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာ၌ ယနေ့ (ဇွန် ၈) နံနက် ၉ နာရီခန့်တွင် စစ်တပ်က ခန့်အပ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကိုသားကြီး (ခ) အောင်နိုင်ဦး၏ သတင်းပေးမှုကြောင့် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ နန်းပန်မြို့ နယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အင်းလေး ပြည်သူ့ ကာကွယ်ရေးတပ် (IPDF) က ပြောသည်။ 

ကိုသားကြီး ခေါ် အောင်နိုင်ဦး သတင်းပေးမှုကြောင့် IPDF ၂ ဦး ဖမ်းခံရသည်ဆိုခြင်းကို သတင်းနှင့် မီဒီယာ ကွန်ရက်က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။ 

ဖမ်းဆီးခံရသည့် ရဲဘော် ၂ ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်များ ဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့အား ညောင်ရွှေမြို့မရဲစခန်းမှ တစ်ဆင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) စစ်ကြောရေးစခန်းသို့ အဆင့်ဆင့် ထပ်မံ ပို့ဆောင်သွားမည်ဟု နီးစပ်သူများက ဆိုသည်။

IPDF တပ်ရင်းမှူး အင်းသွေးနီက သူတို့ဘက်ကတော့ ဒီလိုမျိုး ရဲဝံ့ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီးတော့ တခြား ထူးထူးခြားခြားတော့ စိုးရိမ်စရာတော့ မရှိပါဘူးပေါ့နော်။ ဒါပေမဲ့ ဒေသအတွက် ဒီ PDF တွေဆိုတာ ဒီလိုမျိုး သီးသန့်ကွဲထွက်နေတာမျိုး မဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုး လူမျိုးတွေ အများကြီးရှိတယ်ပေါ့။ အဲတော့ သူတို့ ဘက်ကတော့ အကြောင်းအမျိုးမျိုး ယုတ်မာနေတာကတော့ ဒါကျနော်တို့ ကြုံတွေ့ပြီးသား ကိစ္စပေါ့နော်။ ဒါပေမဲ့ စိုးရိမ်တာက ဒီဒေသတွင်းမှာ ကျနော်တို့ အခြေခံဒေသဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ပါးပါးနပ်နပ် နေဖို့ ပေါ့နော်။ ပြီးတော့ ဒီတော်လှန်ရေးကို ရတဲ့နေရာကနေ ပူးပေါင်းပါဝင်ပေးဖို့ပေါ့။ အဲလိုမျိုးပဲ ပြောချင်ပါ တယ် ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရမှုဖြစ်စဉ်ကြောင့် ပတ်သက်ဆက်နွှယ်သူများ အနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံး တိမ်း ရှောင်ကြရန် အင်းလေး PDF က သတိပေးထားပြီး၊ စစ်တပ် သတင်းပေးများ၏ လုပ်ရပ်ကိုလည်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ကြေညာထားသည်။

ဒေသခံများ၏ ပြောဆိုချက်အရ သတင်းပေးသူ အုပ်ချုပ်ရေးမှူးဟောင်း ကိုသားကြီးနှင့် အင်းလေးပျူစောထီး ခေါင်းဆောင် ကိုညီညီထွန်း (ခေါ်) ဖိုးသာထူးတို့အား စစ်တပ်က အင်းလေးရေပြင်၌ PDF များ အလင်းဝင် လက်နက်ချပွဲ ကျင်းပပေးနိုင်ပါက ငွေကျပ်သိန်းတစ်ထောင် ပေးမည်ဟု မက်လုံးပေးထားကြောင်း သိရသည်။

သို့သော် လက်ရှိဖြစ်စဉ်အပေါ် ဒေသခံပြည်သူများကို အပြစ်မတင်ဘဲ တော်လှန်ရေးဘက်၌ အပြည့်အဝ ပါဝင်နေဆဲဖြစ်ကြောင်း ယုံကြည်သည်ဟု တပ်ရင်းမှူး အင်းသွေးနီက ဆက်လက်ပြောဆိုသည်။

ကျနော်တို့ ဒေသတွင်းက လူတွေက ဒီတော်လှန်ရေးနဲ့ ပတ်သက်ပြီး အားကောင်းခဲ့တဲ့ ဒေသလည်း ဖြစ်တယ် ပေါ့နော်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာကျတော့ သူတို့ အခြေအနေအရကြောင့်မို့လို့ နှိပ်စက်ညှင်းပန်းနေ တဲ့ ဒီ PNO နဲ့ စစ်ကောင်စီ အပေါင်းအပါတွေကို သူတို့က လက်ခံလို့ ပြီးတော့ သူတို့ ကြေနပ်လို့ လိုက်လျော နေတာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ တော်လှန်ရေးဘက် အပြည့်အဝ ပါဝင်တယ်ဆိုတာ ဒါကျနော်တို့ ယုံကြည်ပြီးသား ကိစ္စဖြစ်တယ်ပေါ့ ဟု ပြောသည်။

အင်းလေးဒေသတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလများအတွင်းကလည်း ညောင်ရွှေမြို့နယ်၊ ပန်းကန်ရွာ၌ အင်းလေး PDF တပ်ဖွဲ့ဝင် ၈ ဦး လက်နက်နှင့်တကွ ဖမ်းဆီးခံခဲ့ရဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။