အထိနာနေသည့် စစ်တပ်က ကျောက်ဖြူရှိ စစ်ရှောင်ရွာများကို ဗုံးကြဲတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကာကင်းစခန်းများ ဆက်တိုက် လက်လွှတ်လိုက်ရသည့် စစ်တပ်သည် မြေပြင်စစ်ရှုံးမှုကို အရပ်သားများအပေါ် လေကြောင်းဗုံးကြဲမှုဖြင့် တုံ့ပြန်လာပြီး စစ်ဘေးရှောင်စခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် တောင်မော်ဦး ရေတပ်စခန်း၏ အရေးပါသော ကာကင်းစခန်းများ ဖြစ်ကြသည့် စံပယ်ရှောင်ကုန်း၊ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနှင့် ရေနံသူကုန်း စသည့် စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်သည်။ 

ထို့ပြင် တစ်ခုတည်းသော လက်ကျန်စခန်းဖြစ်သည့် စစ်ရေးအရ မဟာဗျူဟာကျသော ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကိုပါ AA က အရှိန်မြှင့် ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက်တိုက်ပွဲများမှာ ပိုမိုပြင်းထန်နေ ခြင်း ဖြစ်သည်။

မြေပြင်တွင် အထိနာပြီး နောက်ဆုတ်နေရသည့် စစ်တပ်သည် ဇွန်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျောက်ဖြူ မြို့နယ် အတွင်းရှိ သစ်ကတိုး၊ ကုလားတွင်းနှင့် ဘယာကျေးရွာများကို လေကြောင်းကနေ ဗုံးအလုံးအရင်း ကြဲချ ခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ရသည်။

ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက တောင်မော်ဦး ရေတပ်စခန်းနားမှာ အခုရက်ပိုင်း တိုက်ပွဲတွေက အရမ်းပြင်းထန်လာပြီး ပစ်ခတ်သံတွေက ပိုနီးလာတယ်။ စစ်တပ်က မြေပြင်တိုက်ပွဲမှာ အထိနာပြီး စခန်းတွေ လက်လွှတ်ရတိုင်း လေကြောင်းကနေ လာကြဲတာမျိုး လုပ်တာပါ။ အခု ဗုံးကြဲခံရတဲ့ရွာတွေက စနဲမြို့နဲ့လည်း နီးတော့ စစ်ရှောင်တွေ အများကြီး ခိုလှုံနေကြတဲ့နေရာတွေ။ ကလေးတွေပါ ထိခိုက်ကုန်တော့ ဒေသခံတွေက နောက် ထပ် ဘယ်ပြေးရမှန်း မသိတော့ဘူး ဟု ပြောသည်။

လေကြောင်း တိုက်ခိုက်မှုများအပြင် ဇွန်လ ၇ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်ဘက်မှ ဝက်များ တင်ဆောင်လာ သည့် ကုန်စက်လှေတစ်စီးကို ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း၌ စစ်တပ်ရေတပ်က စပိဘုတ်ဖြင့် လိုက်လံ ကာ ရည်ရွယ်ချက်ရှိရှိ သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် စက်လှေပေါ်ပါ အရပ်သား ၂ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။

ယခုကဲ့သို့ အရပ်သားများအပေါ် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် လူမှုကူညီရေး လုပ်ဆောင်နေသူ ကျောက်ဖြူဒေသခံတစ်ဦးကလည်း စစ်တပ်၏ အရပ်သားများအပေါ် ဗျူဟာမြောက် ဖိနှိပ်မှုကို ယခုကဲ့သို့  ဝေဖန်ထောက်ပြထားသည်။

ဒါက အရပ်သား စက်လှေမှန်း သိသိကြီးနဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လှမ်းပစ်တာ။ မြေပြင်မှာ စစ်ရှုံးနေတော့ လမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာရယ်၊ ပြည်သူတွေကို ကြောက်လန့်သွားအောင် လုပ်တာရယ်ပဲ။ အခု ကျောက်ဖြူမှာက စစ်ရှောင်တွေ အရေးပေါ်နေရာရွှေ့ဖို့ နေနေသာသာ ငွေကြေးနဲ့ ရိက္ခာပါ ပြတ်လပ်နေကြပြီ။

အာရက္ခတပ်တော် (AA) အနေဖြင့် လာမည့် ၂၀၂၇ ခုနှစ်မတိုင်မီ ရခိုင်တစ်ပြည်နယ်လုံးကို ရာနှုန်းပြည့် သိမ်းပိုက်စိုးမိုးရန် ကြေညာထားပြီး လက်ရှိတွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ 

ကျောက်ဖြူမြို့နယ်အတွင်းက တိုက်ပွဲများသည်လည်း လက်ရှိတွင် ပိုမိုပြင်းထန်လျက်ရှိကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

ဓါတ်ပုံ – Triple•T (ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များ)