မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဖလားရုပ်သံမူပိုင်ခွင့်ကို စစ်တပ်ဖက်စပ် Mytel ၏ TV360 ရရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် ရက်ပိုင်းမျှသာ လိုအပ်တော့သည့် အချိန်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မြန်မာနိုင်ငံအတွက် ရုပ်သံထုတ်လွှင့်ခွင့် မူပိုင်ခွင့်ကို တရားဝင်ကြေညာခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးသန့်မူပိုင် ရုပ်သံထုတ်လွှင့်ခွင့် ရရှိသွားသည့် လုပ်ငန်းမှာ မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သော Mytel ၏ TV360 အစီအစဉ်ဖြစ်ကြောင်း သိရသည်။
ယခုကြေညာချက်အရ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲစဉ်အားလုံးကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ရုပ်သံထုတ်လွှင့်ခွင့်အဖြစ် Mytel ကုမ္ပဏီက ရရှိထားခြင်း ဖြစ်သည်။
Mytel ၏ TV360 ပလက်ဖောင်းကမူ ဗိုလ်လုပွဲ (Final) ပွဲစဉ်များအပါအဝင် ကမ္ဘာ့ဖလားပွဲစဉ်ပေါင်း အနည်းဆုံး (၆၀) ခန့်ကို အခမဲ့ (Free-to-air) လွှင့်ထုတ်ပြသသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲများနှင့်အတူ ဘောလုံးသုံးသပ်ချက် အကဲဖြတ်ခြင်းအစီအစဉ်များ၊ Talk Show များနှင့် Game Show များကိုပါ တွဲဖက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း TV360 ပလက်ဖောင်းများမှတစ်ဆင့် အသိပေးထားသည်။
မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဖလားရုပ်သံထုတ်လွှင့်ခွင့် ရရှိသွားသည့် Mytel (မိုင်တဲလ်) ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီနှင့် မြန်မာစစ်တပ်တို့ ဖက်စပ်လုပ်ကိုင်နေသည့် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းတစ်ခု ဖြစ်သည်။
Mytel ကို ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း ၎င်း၏ စီးပွားရေးလုပ်ငန်းပုံစံများနှင့် ဆက်နွှယ်မှုများကြောင့် နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု (Sanctions) ကို ခံထားရသည့် ကုမ္ပဏီလည်း ဖြစ်သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက မူပိုင်ခွင့်ရရှိသွားခြင်းကြောင့် မြန်မာနိုင်ငံမှ မိဘပြည်သူများအနေဖြင့် အင်တာနက် အပလီကေးရှင်းများနှင့် VPN များ အသုံးပြုကျော်ခွရန် မလိုအပ်တော့ဘဲ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။
အလားတူ အိမ်နီးနားချင်း ထိုင်းနိုင်ငံအတွက် ကမ္ဘာ့ဖလားရုပ်သံမူပိုင်ခွင့်ကိုမူ Monomax ချန်နယ်၏ မိခင်ကုမ္ပဏီဖြစ်သော JAS Jasmine International က ရရှိသွားခဲ့ကြောင်း FIFA က ထုတ်ပြန်ကြေညာသည်။