သတင်းထောက်များအား သတင်းရင်းမြစ်ဖော်ထုတ်ရန် အမေရိကန်တရားရုံး ဖိအားပေး ဆင့်ခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။
အမေရိကန်နိုင်ငံ နယူးယောက်တိုင်းမ် (New York Times) သတင်းစာမှ သတင်းထောက် ၅ ဦးကို သတင်းရင်းမြစ်များ ဖော်ထုတ်ပေးရန် တရားရုံးက သမ္မန်စာထုတ်ဆင့်ခေါ်ထားသည့်ကိစ္စသည် အမေရိကန် မီဒီယာလွတ်လပ်ခွင့်ကဏ္ဍတွင် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။
အဆိုပါ သတင်းထောက်များသည် မန်ဟက်တန် ဖက်ဒရယ် ဂျူရီအဖွဲ့ရှေ့မှောက်တွင် လာရောက်ထွက်ဆိုရန် ဆင့်ခေါ်ခြင်းခံထားရခြင်း ဖြစ်သည်။
အဆိုပါ သတင်းထောက် ၅ ဦးသည် ကာတာနိုင်ငံက သမ္မတ ဒေါ်နယ်ထရမ့်အတွက် လက်ဆောင်ပေးအပ်ခဲ့သည့် သမ္မတစီးတော်ယာဉ် လေယာဉ်သစ် (Air Force One) ၏ လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို စုံစမ်းဖော်ထုတ် ရေးသားခဲ့ကြသူများ ဖြစ်သည်။
ယင်းသတင်းကြောင့် သမ္မတထရမ့်သည် ၎င်း၏ ခရီးစဉ်အတွင်း အစိုးရလေယာဉ်အဟောင်းကို ပြန်လည်အသုံးပြုခဲ့ရသည်။
လက်ရှိတွင် အစိုးရရှေ့နေများက လျှို့ဝှက်ချက်ပေါက်ကြားစေသည့် သတင်းရင်းမြစ်ကို ရှာဖွေရန် သတင်းထောက်များအား ဖိအားပေး မေးမြန်းရန် ကြိုးစားလာခြင်း ဖြစ်သည်။
နယူးယောက်တိုင်းမ်၏ ထိပ်တန်းရှေ့နေကမူ ဤလုပ်ရပ်သည် သတင်းသမားများအပေါ် ဗြောင်ကျကျ ခြိမ်းခြောက်ခြင်းဖြစ်ပြီး တရားဥပဒေအရ အပြတ်အသတ် တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးထားသော်လည်း ဖက်ဒရယ်တရားရုံး၏ ရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုများတွင် သတင်းရင်းမြစ်ကို ထုတ်ဖော်ရန် ငြင်းဆန်ပါက တရားရုံးမထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များ ချမှတ်ခံရနိုင်သည့် အခြေအနေရှိသည်။
သတင်းလွတ်လပ်ခွင့်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ယနေ့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၅ ရက်) တွင် ပြုလုပ်မည့် တရားရုံးကြားနာပွဲ၌ သတင်းထောက်များအနေဖြင့် သတင်းရင်းမြစ်ကို ဆက်လက်လျှို့ဝှက်ထားနိုင်မလားဆိုသည်ကို အထူးစောင့်ကြည့်လျက်ရှိကြသည်။
Photo:(AP/Alex Brandon)