တရုတ်က မြေရှားသတ္တု တင်ပို့မှုကန့်သတ်ပါက အနောက်နိုင်ငံများ ထရီလီယံချီဆုံးရှုံးမည်ဟု IEA သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
တရုတ်နိုင်ငံက ချမှတ်မည့် မြေရှားသတ္တု (Rare Earth) တင်ပို့မှု ကန့်သတ်ပိတ်ပင်ချက်များ အပြည့်အဝ အသက်ဝင်လာပါက တရုတ်နိုင်ငံပြင်ပရှိ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ထရီလီယံအထိ ထိခိုက်ပျက်စီးနိုင်ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က သတိပေးချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ မြေရှားသတ္တုများသည် မော်တော်ယာဉ်၊ လေယာဉ်၊ လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာ အပါအဝင် လျှပ်စစ်ပစ္စည်းများမှသည် စစ်ဘက်သုံး လက်နက်စနစ်များ ထုတ်လုပ်ရေးအထိ အရေအတွက် အနည်းငယ်စီ မဖြစ်မနေ ထည့်သွင်းအသုံးပြုရသည့် သတ္တုအမျိုးအစား ၁၇ မျိုး ဖြစ်သည်။
ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှုကဏ္ဍတွင် တရုတ်နိုင်ငံက အများဆုံး ထုတ်လုပ်ကာ စိုးမိုးထားခြင်းဖြစ်သည်။
အဆိုပါ ပို့ကုန်ထိန်းချုပ်မှုကြောင့် ဖြစ်ပေါ်လာမည့် ရိုက်ခတ်မှုကို အမေရိကန်နှင့် ဥရောပနိုင်ငံများက အဆိုးရွားဆုံး ခံရဖွယ်ရှိနေသည်။
၎င်းအပြင် လျှပ်စစ်ကား (EV) ဘက်ထရီ ထုတ်လုပ်မှုတွင် အဓိကအသုံးပြုရသည့် ဂရပ်ဖိုက် (Graphite) သတ္တု တင်ပို့မှုကိုလည်း တရုတ်နိုင်ငံက ပိတ်ပင်ရန် ပြင်ဆင်နေသည်။
ယင်းလုပ်ဆောင်ချက်ကြောင့် တရုတ်နိုင်ငံပြင်ပရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် ထပ်မံထိခိုက်နိုင်သည်ဟု ဆိုသည်။
ကမ္ဘာ့ဂရပ်ဖိုက် ထုတ်လုပ်မှု ပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်ကိုလည်း တရုတ်နိုင်ငံကပင် ချုပ်ကိုင်ထားခြင်း ဖြစ်သည်။
ဤအတောအတွင်း အမေရိကန်နှင့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချနိုင်ရန် အခြားသော နိုင်ငံများထံမှ သတ္တုရရှိနိုင်မည့် လမ်းကြောင်းသစ်များကို ကြိုးပမ်းရှာဖွေလျက်ရှိသည်။
သို့ရာတွင် လက်ရှိအချိန်အထိ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု ဈေးကွက်၏ ၈၅ ရာခိုင်နှုန်းအထိ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။
Photo:IEA