ပီရူးနိုင်ငံငလျင်၂ ခု ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။
ပီရူးနိုင်ငံတွင် အင်အားအသင့်အတင့်ရှိသည့် ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
မြို့တော် လီမာ၏ အရှေ့ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ ဂျူနင်ဒေသ၊ ချူပါကာပြည်နယ်၏ တောင်ပေါ်ဒေသများတွင် စနေနေ့ညပိုင်းက အင်အား ရစ်ခ်ျတာစကေး ၅.၁ နှင့် ၃.၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဥရောပ-မြေထဲပင်လယ် ငလျင်တိုင်းတာရေးဗဟိုဌာန၏ အစောပိုင်းထုတ်ပြန်ချက်တွင်မူ ပထမငလျင်သည် အင်အား ၅.၆ အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ငလျင်ကြောင့် ဒေသခံများ၏ ရွှံ့အုတ်များဖြင့် ဆောက်လုပ်ထားသည့် လူနေအိမ် ၄၈ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး၊ အခြားအိမ် ၁၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့သဖြင့် လူပေါင်း ၃၀၀ ခန့် ဘေးဒုက္ခကြုံတွေ့နေရကာ လောလောဆယ်တွင် ယာယီတဲများကို ထောက်ပံ့ပေးထားသည်။
လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ငလျင်ဒဏ်သင့်ရာဒေသများသို့ ရောက်ရှိနေပြီး၊ ပိတ်မိနေသူများ ရှိ၊ မရှိ ရှာဖွေရေးလုပ်ငန်းများနှင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများကို တနင်္ဂနွေနေ့နံနက်ပိုင်းကတည်းက လုပ်ဆောင်လျက်ရှိသည်။
ပီရူးနိုင်ငံသည် ပစိဖိတ် မီးကွင်း (Pacific Ring of Fire) ဟုခေါ်သည့် ကမ္ဘာ့မြေငလျင်ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ယခုကဲ့သို့ ငလျင်ဒဏ်ကို မကြာခဏ ခံရလေ့ရှိသော နိုင်ငံဖြစ်သည်။