ရန်ကုန်ရှိ ဆွီဒင်သံရုံး-ရုံးခွဲ အပြီးသတ်ပိတ်သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။ 

ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံး-ရုံးခွဲ (Embassy Section Office) ကို အပြီးသတ် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ သံရုံး-ရုံးခွဲ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဩဂုတ်လ ၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် သံရုံး-ရုံးခွဲ၏ ဖေ့စ်ဘုတ်စာမျက်နှာကိုပါ အပြီးသတ် ပိတ်သိမ်းသွားမည်ဟု ကြေညာထားသည်။ 

အဆိုပါ ပိတ်သိမ်းမှုကြောင့် ယခုအချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ၏ သံတမန်ရေးရာနှင့် အထွေထွေ ကိစ္စရပ်များကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ 

သံရုံး-ရုံးခွဲ ရုတ်တရက် ပိတ်သိမ်းရသည့် အကြောင်းအရင်း အတိအကျကို ဆွီဒင်အစိုးရဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခုပိတ်သိမ်းမှုသည် သံရုံး-ရုံးခွဲ (Section Office) တစ်ခုတည်းကိုသာ သက်ရောက်ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ဆွီဒင် စေတနာ့ဝန်ထမ်း ကောင်စစ်ဝန်ရုံး (Honorary Consulate) ကိုမူ ပိတ်သိမ်းခြင်းမရှိဘဲ ဆွီဒင်နိုင်ငံခြားရေးဝန်ဆောင်မှု ဝဘ်ဆိုက်တွင် ဆက်လက်ဖော်ပြထားသည်။

ဥရောပသမဂ္ဂဝင် နိုင်ငံအချို့သည် မြန်မာစစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး လျှော့ချလျက်ရှိရာ လွန်ခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင်လည်း ဖင်လန်နိုင်ငံက ရန်ကုန်ရှိ သံရုံးကို ပိတ်သိမ်းခဲ့သည်။