အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်သွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ် (Assam) တွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ အထိ စံချိန်တင် မြင့်တက်လာကြောင်း အာသံပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (ASDMA) က သတင်းထုတ်ပြန်သည်။
လက်ရှိတွင် ခရိုင် ၇ ခု၌ ရေဘေးသင့်ပြည်သူ ၁ သိန်း ၄ သောင်းနီးပါး (၁,၃၇,၅၀၀ ကျော်) ရှိနေပြီး အစိုးရက ခရိုင် ၆ ခုတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးစခန်း ၁၂၅ ခု ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ ၄၉,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဆန်၊ ပဲ၊ ဆားနှင့် မုန်ညင်းဆီ အပါအဝင် အရေးပေါ် စားနပ်ရိက္ခာများကို အာဏာပိုင်များက လိုက်လံဖြန့်ဝေပေးလျက် ရှိသည်။
တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာပေါင်း ၄၅၆ ရွာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး၊ စိုက်ပျိုးမြေ ဧက ၃၀,၀၀၀ နီးပါး (ဟက်တာ ၁၁,၉၀၀ ကျော်) ပျက်စီးခဲ့သည်။
ထို့ပြင် တာတမံများ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အပြင် မွေးမြူရေးတိရစ္ဆာန်နှင့် ကြက်ငှက် ၄ သောင်း ၃ ထောင်ကျော်လည်း ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။
Photo:Biju BORO/AFP