ဆီးရီးယား အာဏာရှင်ဟောင်း အာဆတ်အား မျက်ကွယ် သေဒဏ်ချ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၁ ရက်။ 

ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ဆီးရီးယား အာဏာရှင်ဟောင်း ဘာရှာ အယ်လ်-အာဆတ် (Bashar al-Assad) အား ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ထိုက်သင့်ကြောင်း တွေ့ရှိရသဖြင့် ဆီးရီးယား တရားရုံးတစ်ခုက မျက်ကွယ် သေဒဏ် စီရင်ချက် ချမှတ်လိုက်သည်။

ယင်းစီရင်ချက်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဆီးရီးယားတွင် အာဆတ်၏ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်မှုကို အဆုံးသတ်၍ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက်ပိုင်း ၎င်းအပေါ် ပထမဆုံးအကြိမ် ချမှတ်သည့် ပြစ်ဒဏ်ဖြစ်သည်။

ဩဂုတ် ၁၁ ရက် အင်္ဂါနေ့က ဒမတ်စကတ်မြို့၌ ပြုလုပ်သည့် တရားရုံးကြားနာမှုအတွင်း ၂၀၁၁ ခုနှစ် ဆီးရီးယား လူထု အစဉ်အလာလှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းခဲ့သူ အာဆတ်၏ ဝမ်းကွဲညီအစ်ကိုဖြစ်သူ သတင်းရဲတပ်ဖွဲ့ အကြီးအကဲဟောင်း အာတက်ဖ် နာဂျစ် (Atef Najib) ကိုလည်း သေဒဏ် စီရင်ချက်ချခဲ့သည်။ 

၎င်းသည် တရားရုံး သံလှောင်အိမ်အတွင်း အကျဉ်းသားဝတ်စုံဖြင့် တက်ရောက်၍ စီရင်ချက် နားထောင်ခဲ့သည်။

ထို့ပြင် အာဆတ်၏ ညီဖြစ်သူ မာဟာ အယ်လ်-အာဆတ် (Maher al-Assad) အပါအဝင် စစ်ဘက်နှင့် လုံခြုံရေး အရာရှိဟောင်း ၆ ဦးကိုလည်း မျက်ကွယ် သေဒဏ် စီရင်ချက်အသီးသီး ချမှတ်ခဲ့သည်။

တရားရုံး ပြင်ပတွင်မူ အာဏာရှင် ကာလအတွင်း သတ်ဖြတ်ခြင်းခံခဲ့ရသည့် မိသားစုဝင်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ပြည်သူအများက ဝမ်းမြောက်စွာ အောင်ပွဲခံခဲ့ကြပြီး ယခုစီရင်ချက်သည် တရားမျှတမှု ရရှိရေးအတွက် စတင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

သို့သော်လည်း ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် အာဆတ်အား ပြစ်ဒဏ် စီရင်နိုင်ရေးအတွက် ဆီးရီးယား အစိုးရသစ်ထံ လွှဲပြောင်းပေးအပ်မည်၊ မပေးအပ်မည် ဆိုသည်မှာမူ ရှင်းလင်းစွာ မသိရှိရသေးပေ။

Photo:AP