နေကြတ်သည့်ဖြစ်စဉ်ကြောင့် ဥရောပတွင် ဟိုတယ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။ 

ဥရောပနိုင်ငံအချို့တွင် နေကြတ်သည့်ဖြစ်စဉ်ကို လာရောက်ကြည့်ရှုသူ များပြားသည့်အတွက် ဒေသတွင်း ဟိုတယ်ဈေးနှုန်းများ တစ်ညလျှင် ကန်ဒေါ်လာ ၁,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားခဲ့သည်။ 

ယူကေ၊ အိုက်စလန်၊ စပိန်မြောက်ပိုင်း၊ ဂရင်းလန်းနှင့် ပေါ်တူဂီနိုင်ငံတို့တွင် နေအပြည့်ကြတ်သည့် ဖြစ်စဉ်ကို မြင်တွေ့ရမည်ဖြစ်ရာ ဒေသတွင်း တည်းခိုခန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များအတွက် ကြီးမားသည့် စီးပွားရေးအခွင့်အလမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ 

အထူးသဖြင့် နေကြတ်ခြင်းကို အထင်ရှားဆုံး မြင်တွေ့ရမည့် အိုက်စလန်နိုင်ငံ မြို့တော် ရေဂျာဗစ် (Reykjavik) နှင့် စပိန်နိုင်ငံရှိ မြို့များတွင် ဟိုတယ်နှင့် ကာလတို တည်းခိုခန်းဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။ 

ရေဂျာဗစ်မြို့တွင် နေကြတ်မည့်သီတင်းပတ်အတွင်း ဟိုတယ်တစ်ညလျှင် ပျမ်းမျှ ကန်ဒေါ်လာ ၁,၀၁၂ နှင့် ကာလတို တည်းခိုခန်းများတွင် ၁,၁၇၂ ဒေါ်လာအထိ ပေါက်ဈေးရှိခဲ့သည်။

AirDNA ၏ အချက်အလက်များအရ အိုက်စလန်ရှိ တည်းခိုခန်းများ၏ ၆၄ ရာခိုင်နှုန်းနှင့် စပိန်ရှိ တည်းခိုခန်း ၂၁ ရာခိုင်နှုန်းမှာ နေကြတ်မည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး အဆိုပါဒေသများ၌ ခရီးသွားဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်ကထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ဆိုသည်။ 

သို့သော် လေ့လာဆန်းစစ်သူများကမူ ယင်းသည် ဟိုတယ်လုပ်ငန်းများအတွက် ရက်အနည်းငယ်သာ အကျိုးအမြတ်ရရှိစေမည့် “ခဏတာ အခွင့်အရေး” သာဖြစ်ကြောင်း သုံးသပ်ထားသည်။