ရန်ကုန်မြို့ အမေရိကန်သံတမန် သေဆုံးမှုသံသယရှိသူ ထိုင်းအမျိုးသမီးကို လဝက အမှုဖြင့် ထောင် ၁ နှစ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ရန်ကုန်မြို့တွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးမှုတွင် သံသယရှိသူ ထိုင်းဇနီးဟောင်းကို ကမာရွတ်မြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်သည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ ဆာကူရာ (Sakura) လူနေအိမ်ရာတွင် မေလ ၁၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လုံခြုံရေးအရာရှိ ဒန်နီယယ် ပေါလ် ရီဗာ (Daniel Paul Riva) သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ဆက်စပ်၍ ဇနီးဟောင်း ထိုင်းအမျိုးသမီး ပါဗီနီ ဆူပါဆီရီဗီဆန်အား သံသယရှိနေခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သူမကို အင်းစိန်ထောင်၌ ထိန်းသိမ်းထားပြီး လူသတ်မှုအတွက် တရားဝင် စွဲချက်တင်ခြင်း ရှိမရှိ မသိရသေးသော်လည်း ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မဖြင့် အမှုဖွင့်ထားကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ကျခံရနိုင်ခြေ ရှိသည်။