ရခိုင်တွင် Grade-12 မြန်မာစာအစား ရက္ခိုင်စာပေ သင်ရိုးသစ်နှင့် ရုံးစာရေးသားနည်းများ ထည့်သွင်းသင်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်

ရခိုင်ပြည်တွင် ၁၂ တန်း မြန်မာစာ ဘာသာရပ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်၍ ရက္ခိုင်စာပေ သင်ရိုးသစ်နှင့် အစားထိုးကာ အစိုးရ ရုံးစာရေးသားနည်းများပါ ထည့်သွင်းသင်ကြားပေးနေကြောင်း ဒေသခံများနှင့် ကျောင်းဆရာအသိုင်းအဝိုင်းက ပြောသည်။

အစားထိုး သင်ကြားပေးသည့် ရက္ခိုင်စာပေ ဘာသာရပ်၌ သဒ္ဒဗေဒ မိတ်ဆက်၊ နရာဓိပတိကျောက်စာ၊ စာစီစာ ကုံး ရေးသားနည်း၊ အနုသာရ ဆုံးမစာနှင့် အစိုးရ ရုံးစာရေးသားနည်းများ ပါဝင်သည်။

ထို့ပြင် ရှေးခေတ် ရက္ခိုင်စာပေ ပညာရှင်များ ရေးသားခဲ့သည့် သမိုင်းမှတ်တမ်းများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် သုတ၊ ရသ ဂန္တဝင်မြောက် စာပေများကိုလည်း သင်ယူကြရမည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါ သင်ရိုးသစ်ကို မြောက်ဦးနှင့် ကျောက်တော်မြို့တို့၌ စတင်သင်ကြားနေပြီဖြစ်ပြီး ရခိုင် တောင်ပိုင်း မြို့အချို့တွင်မူ စာအုပ်များ ရောက်ရှိပါက သင်ကြားနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ စာပေသင်ကြားပေးနေသည့် ရခိုင်တောင်ပိုင်းမှ ကျောင်းဆရာမတစ်ဦးက မြန်မာစာ သင်လာတာ ကြာပြီး အခုမှ ရခိုင်စာသင်တော့ ကျောင်းသားရော ဆရာရော ခက်ခဲတယ်။ ဒါပေမယ့် ဘာဖြစ်လဲ ငါ့လူမျိုး ငါ့ပြည်နယ် ငါ့စာလေ ငါ့တို့အနာဂတ် ဒါလုပ်သင့်တယ်လို့ထင်တယ်။ ကျမတို့က ရခိုင်ပြည်က ထွက်သွားပြီး ပြည်မမှာ စာသင်လို့ရပါတယ်၊ အစိုးရဝန်ထမ်း လုပ်ခဲ့တာပါ ဒါပေမယ့် အခု ရခိုင်မှာ ရခိုင်ကလေးတွေကို ရခိုင်စာသင်နေတယ်၊ ဒါလောက်ပဲ ပြောပါရစေ ဟု ပြောသည်။

ယခုကဲ့သို့ ရက္ခိုင်စာပေး သင်ရိုးသစ် အစားထိုးသင်ကြားပေးနေသည့်အပေါ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများက ကြိုဆိုသည်ဟု  ဒေသခံများက ဆိုသည်။

ရခိုင်ကျောင်းဆရာတစ်ဦးကလည်း ဒီလိုသင်ကြားရတာ ကောင်းပါတယ်၊ အဆင်ပြေတယ်။ ကိုယ့်ဘာသာ စကား၊ ကိုယ့်လူမျိုးရဲ့ အသုံးအနှုန်း တွေ၊ စာတွေဟာ ပျောက်နေတာ နှစ်ပေါင်းကြာခဲ့ပြီ။ အခုလိုလုပ်တာကို ထောက်ခံပါတယ် ဟု ပြောသည်။

ပြောင်းလဲသင်ကြားသည့် အထက်တန်း ကျောင်းစာ၌ အစိုးရ ရုံးလုပ်ငန်းနှင့် ရုံးစာရေးသားနည်းများ ထည့်သွင်း ထားသဖြင့် လူငယ်များ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် အခြေခံကျွမ်းကျင်မှုများ ရရှိနိုင်သည့်အပြင် ရုံးလုပ်ငန်းများကိုပါ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ကျောင်းသားများအနေဖြင့် ရုံးစာရေးသားနည်းများနှင့် ရင်းနှီးကျွမ်းဝင်လာပြီး အစိုးရဌာနများနှင့် ဆက် သွယ် ဆောင်ရွက်ရာတွင်လည်း ပိုမို ထိရောက်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်မည်ဟု ကျောင်းဆရာအသိုင်းအဝိုင်းက သုံးသပ်ကြသည်။

ဓါတ်ပုံ – Arakan Princess Media (ဘူးသီးတောင်မြို့နယ်မှ ကျောင်းသူ/သားများ)