ရခိုင်-မကွေး အစပ်တွင် စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး တပ်ကြပ်အပါအဝင် ၅ ဦး ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။
ရခိုင်-မကွေး အစပ် မင်းတုန်းမြို့နယ်အတွင်း နယ်မြေ ပြန်လည်ထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာသွားသည့်အပြင် တပ်ကြပ်အဆင့် ပါဝင်သည့် စစ်မှုထမ်း တပ်သား ၅ ဦး စစ်ကြောင်းအတွင်းမှ ထွက်ပြေးရာ တော်လှန်ရေး ပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့သည်။
စစ်အုပ်စုတပ်သည် မတရား ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်း တပ်သားသစ်များ (ပစ) ကို အဓိက အသုံး ပြုကာ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း လက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်စိုးမိုးနိုင်ရန် အင်အားခွဲ၍ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။
အင်အား ၂၀၀ ခန့်ပါသည့် အဆိုပါ စစ်ကြောင်းသည် ဩဂုတ်လ ၂၉ ရက်၊ ည ၇ နာရီခန့်တွင် မင်းတုန်းမြို့ အနောက်ခြမ်းသို့ ရောက်ရှိလာပြီး အင်အား ၅၀ ခန့်ဖြင့် ရိက္ခာရှာရန် ထွက်လာစဉ် သရက်ခရိုင် အမှတ် (၄) တပ် ရင်းက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်အုပ်စုတပ် ဘက်မှ အကျအဆုံးများစွာဖြင့် အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။
မင်းတုန်းဒေသခံ တော်လှန်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “ရခိုင်ဘက်ကို စစ်ကြောင်းထိုးဖို့ စစ်အင်အား တစ်ထောင်နီးပါး မင်းတုန်းကို ရောက်နေတာပါ။ အဲဒီကမှတစ်ဆင့် ရိုးမနဲ့ တော်လှန်ရေးတပ်တွေ ရှိတဲ့နေရာကို ခွဲပြီး စစ်ကြောင်းထိုးလာတာဖြစ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက် နေရတာ ပါ။ အခုဆိုရင် လက်နက်တွေ သိမ်းဆည်းရမိတဲ့အပြင် စစ်ကြောင်းထဲက ထွက်ပြေးလာတဲ့ စစ်တပ်က တပ်ကြပ် အဆင့်၊ ဒုတပ်ကြပ်အဆင့်နဲ့ စစ်မှုထမ်း တပ်သားသစ် နှစ်ဦးကိုပါ ဖမ်းမိထားတယ်” ဟု ပြောသည်။
ထို့ပြင် တိုက်ပွဲအပြီး ဆုတ်ခွာထွက်ပြေးသွားသည့် စစ်အုပ်စုတပ်ကို လိုက်လံ ရှင်းလင်းရာတွင် MA-3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၉၁ တောင့်၊ ကျည်ဘောက် ၄ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံးနှင့် စစ်တပ်ဘက်က အလောင်း အချို့ကို သိမ်းဆည်းရမိခဲ့သည်။
စစ်ကြောင်းအတွင်းမှ ထွက်ပြေးလာသည့် တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၂ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦး၊ စုစုပေါင်း ၅ ဦးကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းကလည်း ဩဂုတ်လ ၃၀ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်အုပ်စုတပ်သည် ရခိုင်-မကွေး နယ်စပ်တွင် စစ်ရေး အသာစီးရရှိရေးအတွက် လေကြောင်းလိုင်း၊ လက်နက် ကြီးနှင့် ဒရုန်းများကိုသာမက မတရား စုဆောင်းထားသည့် စစ်မှုထမ်း တပ်သားများကိုပါ အကာအကွယ်အဖြစ် အသုံးပြုနေသော်လည်း မြေပြင်စစ်မဟာဗျူဟာတွင် အထိနာလျက်ရှိနေသည်။
မင်းတုန်းမြို့နယ် အနောက်ဘက် ပဲခူးရိုးမနှင့် အမ်း-မင်းတုန်း လမ်းကြောင်းတစ်လျှောက်တွင် စစ်အုပ်စုတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများရှိနေ၍ ဒေသခံ ပြည်သူအချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။
ဓာတ်ပုံ – (စစ်ကြောင်းအတွင်းမှ ဖမ်းဆီးရမိသည့် စစ်အုပ်စုတပ်သားများ / Crd)