နီပေါ ရေကြီးမှုကြောင့် လိုဏ်ခေါင်းအတွင်း လူရာပေါင်းများစွာ ပိတ်မိနေဆဲဖြစ် အတည်ပြု သေဆုံးသူ ၉၀၀ ကျော်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ရေအားလျှပ်စစ် စီမံကိန်း လိုဏ်ခေါင်းများအတွင်း လူရာပေါင်းများစွာ ပိတ်မိနေဆဲဖြစ်ရာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကျွမ်းကျင်သူများ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များက လိုဏ်ခေါင်းအတွင်းပိုင်းကို ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်မှု မရှိသေးပေ။

နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ သေဆုံးသူ ၉၀၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၄,၂၀၀ ကျော်ရှိကြောင်း အတည်ပြုထားသည်။

ထို့ပြင် နီပေါနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ၊ တိဘက်ဒေသတွင်လည်း သေဆုံးသူ ၁၆ ဦးနှင့် ပျောက်ဆုံးသူ ၅၄၆ ဦးရှိကြောင်း တရုတ်သတင်းများက ဖော်ပြသည်။

မိုးဆက်တိုက် ရွာသွန်းနေမှုနှင့် မီတာကျော် ထူထပ်သော ရွှံ့နွံများကြောင့် အသက်ရှင်ကျန်ရစ်သူများ ရှာဖွေရေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခက်ခဲမှုများနှင့် ကြုံတွေ့နေရသည်။