EU နှင့် မပူးပေါင်းရန် အိုက်စလန် လူထု ဆန္ဒပြု

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

အိုက်စလန်နိုင်ငံ၌ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကိစ္စနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ မဲပေးသူ အများစုက ကန့်ကွက်ခဲ့ကြသည်။

မဲပေးသူ အားလုံးအနက် ၅၂ ရာခိုင်နှုန်းကျော်က ကန့်ကွက်မဲ ပေးခဲ့ကြပြီး ၄၇ ရာခိုင်နှုန်းကျော်ကသာ ထောက်ခံခဲ့ကြခြင်းဖြစ်သည်။

ယခုဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၈၂ ရာခိုင်နှုန်းကျော်အထိ လာရောက် မဲပေးခဲ့ကြသဖြင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း မဲပေးသူ ရာခိုင်နှုန်း အမြင့်မားဆုံး ဆန္ဒခံယူပွဲ ဖြစ်ခဲ့သည်။

အိုက်စလန် ပြည်သူများ ကန့်ကွက်ခဲ့သည့် အဓိက အကြောင်းရင်းမှာ ပို့ကုန် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းအထိ တာဝန်ယူထားသော ငါးဖမ်းလုပ်ငန်း ကဏ္ဍကြောင့် ဖြစ်သည်။

EU အဖွဲ့ဝင် ဖြစ်လာပါက ပင်လယ်ရေပြင် ငါးဖမ်းခွင့်များ ထိန်းချုပ်ခံရမည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

EU အဖွဲ့ဝင်ရေးကို မြို့တော်နေ ပြည်သူ အများစုက ထောက်ခံခဲ့သော်လည်း ကျေးလက်ဒေသခံ အများစုက မဲပေးကန့်ကွက်ခဲ့ကြသည်။

အိုက်စလန် ဝန်ကြီးချုပ်ကမူ မိမိတို့ အစိုးရ လက်ထက်အတွင်း EU အဖွဲ့ဝင်ရေး ဆွေးနွေးပွဲများကို ထပ်မံ ပြုလုပ်တော့မည် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။