အစ္စရေး ခရီးသွားများအား ထိုင်း ဒေသခံများ ကန့်ကွက် ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

ထိုင်းနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသွားအချို့၏ စည်းကမ်းမဲ့ ပြုမူနေထိုင်မှုများနှင့် ပတ်သက်၍ ဒေသခံ ထိုင်းပြည်သူများ မကျေမနပ်ဖြစ်ကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် သောကြာနေ့က ဖူးခက်မြို့တွင် ဒေသခံ ၁၅၀ ကျော် ပါဝင်သော “Save Phuket” ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး၊ စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း ဘန်ကောက်မြို့ရှိ အစ္စရေးသံရုံးရှေ့၌ ထိုင်းအမျိုးသားရေးအဖွဲ့တစ်ခုက ဦးဆောင်၍ ထပ်မံဆန္ဒပြရန် စီစဉ်လျက်ရှိသည်။

အဆိုပါ ဆန္ဒပြပွဲများတွင် အထူးသဖြင့် အစ္စရေး ခရီးသွားအချို့၏ ဥပဒေနှင့် ဒေသန္တရ ယဉ်ကျေးမှု ထုံးတမ်းများကို လေးစားမှု မရှိခြင်း၊ စားသောက်ဆိုင်များတွင် စားသောက်ပြီး ပိုက်ဆံမပေးဘဲ ထွက်ခွာခြင်း၊ သုံးဘီးယာဉ် (တုတ်တုတ်) ဒရိုင်ဘာများနှင့် အတိုက်အခံပြုခြင်း၊ အထူးအခွင့်အရေး တောင်းဆိုခြင်းနှင့် လုပ်ငန်းရှင်များအား မလေးမစား ပြုမူခြင်း စသည့် အပြုအမူများကို ထိန်းသိမ်းရန် တောင်းဆိုထားကြသည်။

ထို့ပြင် အစ္စရေး ခရီးသွားများအနေဖြင့် ၎င်းတို့ အချင်းချင်း ပိုင်ဆိုင်သော ဟိုတယ်နှင့် လုပ်ငန်းများကိုသာ အားပေးသဖြင့် ဒေသခံများအတွက် စီးပွားရေး အကျိုးမရှိဘဲ ပြဿနာများသာ ကြုံတွေ့ရကြောင်း ထောက်ပြကြသည်။

ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ ထိုင်း ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အစိုးရပိုင်းက စည်းကမ်း ပျက်ကွက်သည့် ခရီးသွားများကို ဗီဇာ ပယ်ဖျက်၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းအထိ ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဟု သတိပေး ထုတ်ပြန်ထားသည်။