အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ပူးတွဲ စစ်လေ့ကျင့်ချိန်တွင် မြောက်ကိုရီးယားက ဒုတိယ ဖျက်သင်္ဘော တပ်တော်ဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ 

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ဒုတိယမြောက် ဖျက်သင်္ဘော (Naval Destroyer) အား တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့သည်ဟု AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်က ပိုမိုခိုင်မာသည့် နျူကလီးယား ဟန့်တားရေးစွမ်းရည်ကို တည်ဆောက်သွားမည်ဟုလည်း ပြောကြားလိုက်သည်။

စက်တင်ဘာ ၆ ရက် တနင်္ဂနွေနေ့က ဝွန်ဆန် (Wonsan) ဆိပ်ကမ်းမြို့၌ ပြုလုပ်ခဲ့သည့် “ကန်ဂွန်” (Kang Kon) ဟု အမည်ပေးထားသော တန်ချိန် ၅,၀၀၀ ရှိ စစ်သင်္ဘော တပ်တော်ဝင်အခမ်းအနားသို့ ကင်ဂျုံအန်းနှင့်အတူ ၎င်း၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ စစ်သင်္ဘောသည် သမားရိုးကျ လေကြောင်းကာကွယ်ရေးနှင့် ပစ်ခတ်မှုများအပြင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ခရုဇ်ဒုံးကျည်များကိုပါ ပစ်ခတ်နိုင်သည့် နည်းပညာများ ပါဝင်သည်။  

ရုရှားနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

အခမ်းအနားတွင် ကင်ဂျုံအန်းက ရေတပ်၏ နျူကလီးယား တပ်ဆင်နိုင်မှုစွမ်းရည် တိုးတက်လာခြင်းသည် ရန်သူများအတွက် စိုးရိမ်မှုများကို ပိုမိုကြီးထွားလာစေမည်ဖြစ်ပြီး ရေကြောင်းကာကွယ်ရေးနှင့် နျူကလီးယား ဟန့်တားရေးစနစ်များကို ပိုမိုတိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် လာမည့် ၈ လအတွင်း နောက်ထပ် ထူးခြားသည့် ရေတပ်ဆိုင်ရာ တိုးတက်မှုတစ်ခုကို ထုတ်ဖော်ပြသသွားမည်ဟုဆိုရာ နျူကလီးယားစွမ်းအင်သုံး ရုပ်သိမ်းရေး ရေငုပ်သင်္ဘော စီမံကိန်းဖြစ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းနေကြသည်။

အခြားတစ်ဖက်တွင်လည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် တောင်ကိုရီးယားနိုင်ငံ ဂျေဂျူကျွန်းအနီး ရေပြင်တွင် ၅ ရက်ကြာ ပြုလုပ်မည့် “Freedom Edge” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၇ ရက် တနင်္လာနေ့တွင် စတင်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဂျေဂျူကျွန်း (Jeju Island) ၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နိုင်ငံတကာရေပြင်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပါဝင်သည့် နှစ်စဉ်ကျင်းပမြဲ “Freedom Edge” Multi-domain စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးကို ကိုးကား၍ Korea Herald သတင်းတွင် ဖော်ပြထားသည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် သုံးနိုင်ငံမှ ရေတပ်နှင့် လေတပ်အင်အားစု အများအပြား ပါဝင်မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး နယ်ပယ်များကိုပါ လွှမ်းခြုံလေ့ကျင့်သွားမည်ဖြစ်သည်။

ထို့ပြင် သုံးနိုင်ငံပူးတွဲ၍ စစ်ရေးလေ့ကျင့်မှု ထိန်းချုပ်ရေးအဖွဲ့ (Exercise Control Group) တစ်ခုကိုလည်း ပူးတွဲမောင်းနှင် ဆောင်ရွက်သွားမည်ဖြစ်သည်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက Freedom Edge လေ့ကျင့်မှုသည် ကာကွယ်ရေးအသွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်၊ ဟန့်တားနိုင်စွမ်း တိုးမြှင့်ရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် ကာကွယ်ရေးအသွင် ပြုလုပ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ထားသည်။