မကွေးတိုင်း မင်းတုန်းတွင် တိုက်ပွဲမရှိဘဲ စစ်တပ် ဗုံးကြဲ၍ စစ်ဘေးရှောင်တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ လူနေအိမ်များကို စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် ပါရာမော်တာများအသုံးပြုကာ ဗုံးကြဲပစ်ခတ်ခဲ့သဖြင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ ၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မဲဇလီတံတား မြောက်ဘက် ပုသိမ်-မုံရွာ လမ်းဘေးရှိ နေအိမ် များကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး မိနစ် ၃၀ အကြာတွင် ပါရာမော်တာ ၂ စီးဖြင့် ထပ်မံဗုံးကြဲကာ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပန်းတောင်းမြို့နယ်၊ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ညောင်ကျိုးကျေးရွာမှ မဲဇလီရွာသို့ စစ်ဘေးရှောင်လာပြီး အိမ်ငှားနေထိုင်သည့် အမျိုးသမီးတစ်ဦး ပြင်းထန် ဒဏ်ရာရရှိကာ ညနေပိုင်းတွင် သေဆုံးသွားခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
လေကြောင်းမှ လာရောက်တိုက်ခိုက်သည့် အခြေအနေနှင့် ပတ်သက်၍ အသက် ၄၀ အရွယ် ဒေသခံအမျိုး သမီး တစ်ဦးက ”ပထမလေယာဥ်နဲ့ဗုံးတလုံးချတော့ တံတားထိပ်က ရဲအုပ်ပိုင်ဆိုင်ခဲ့တဲ့ အိမ်ကိုကျတယ်။ လမ်းတစ် ဘက် မျက်နှာချင်းဆိုင်က အိမ်တွေပါ ပျက်စီးတယ်။ လမ်းတလျှော က်အိမ်တွေ သေနတ်မှန်တယ်” ဟု ပြော သည်။
ထို့ပြင် အဆိုပါ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ပါရာမော်တာများနှင့် ပတ်သက်၍ အသက် ၅၀ အရွယ် မြို့ခံ တစ်ဦးက ”ပါရာမော်တာတွေက နတ်မောက်တောင်ဘက်က လာတာဆိုတော့ သရက် ကပစ – ၁၂ က တက်လာ တာဖြစ်ဖို့ များတယ်။ မင်းတုန်းမြို့ကို ပါရာမော်တာ ရောက်တာ မကြားမိသေးဘူး” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် မဲဇလီရွာမကြီးကို ထိခိုက်မှုမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ သွားလာတတ်သည့် မြောက်ဘက်ခြမ်းကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
လေကြောင်းတိုက်ခိုက်မှု အပြီးတွင် စစ်အုပ်စု၏ မြေပြင်စစ်ကြောင်း ဝင်ရောက်လာမည်ဟူသော သတင်းများ ကြောင့် မဲဇလီနှင့် တဆက်တစပ်တည်းရှိသည့် သရက်အုပ်၊ ဒါးလည်ပြင်၊ မဲဇလီရွာမကြီးတို့မှ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
မကွေးတိုင်း၊ သရက်ခရိုင်အတွင်းရှိ ကံမ၊ မင်းတုန်းနှင့် မင်းလှ မြို့နယ်များကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာ လမ်းမကြီးကို တော်လှန်ရေးတပ်ဖွဲ့များက နေရာအများစုတွင် စိုးမိုးထားပြီး စစ်အုပ်စုတပ်ဘက်က နေရာအနည်း ငယ်၌သာ စိုးမိုးနိုင်တော့ကြောင်း ဒေသခံများက ပြောသည်။
ဓါတ်ပုံ – (ပုံဟောင်း / လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးသွားသော ပတ်ဝန်းကျင်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်က တွေ့ရစဉ်။)