မက္ကစီကိုတွင် မီးရှုးမီးပန်းများကြောင့် လူ ၁၀ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း၌ ကျင်းပသည့် ဘာသာရေးပွဲတော်တစ်ခုအတွင်း မီးရှူးမီးပန်းများ ပြင်းထန်စွာ ပေါက်ကွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိသွားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်လိုက်သည်။

အဆိုပါ ပေါက်ကွဲမှုသည် မက္ကဆီကိုစီးတီးမြို့အနီးရှိ ဘုရားကျောင်းတစ်ခုဘေးတွင် စနေနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရာနှင့်ချီသည့် ဒေသခံများ မီးရှူးမီးပန်း ပစ်ဖောက်သည်ကို ကြည့်ရှုရန် စုဝေးနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အုတ်တံတိုင်းတစ်ခုပါ ပြိုကျခဲ့သည်။

ဒဏ်ရာရရှိသူများထဲတွင် ဒေသခံ ခရစ်ယာန်ဘုန်းတော်ကြီး ၂ ဦးလည်း ပါဝင်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များတွင် ပေါက်ကွဲမှုအပြီး မီးခိုးများနှင့် အပျက်အစီးများကြား ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများနှင့် လွတ်မြောက်လာသူများက လိုက်လံရှာဖွေနေကြသည်။

လက်ရှိတွင် ပေါက်ကွဲရသည့် အကြောင်းရင်းကို မက္ကဆီကိုပြည်နယ် ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးလျက် ရှိသည်။