ဂျာမနီ ကောင်စစ်ဝန်ရုံးကို ရုရှား မောင်းထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် တည်ရှိသည့် ဂျာမန် ကောင်စစ်ဝန်ချုပ်ရုံးကို လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့ထက် နောက်မကျစေဘဲ ပိတ်သိမ်းရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်သည်။
ထို့ပြင် ရုရှားနိုင်ငံအတွင်း စိုက်ထူထားသည့် ဂျာမန်ဘာသာစကားနှင့် ယဉ်ကျေးမှု ပြန့်ပွားရေး အဖွဲ့အစည်း၏ ဗဟိုဌာနခွဲ အားလုံးကိုလည်း ပိတ်သိမ်းရန်နှင့် ဝန်ထမ်းများအနေဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ရုရှားဘက်က သတိပေးထားသည်။
ယခု လုပ်ဆောင်ချက်သည် ဘုန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးနှင့် ဘာလင်မြို့ရှိ ရုရှားယဉ်ကျေးမှုဗဟိုဌာနတို့ကို ပိတ်သိမ်းရန် ဂျာမနီဘက်က အစောပိုင်းတွင် ဆုံးဖြတ်ခဲ့မှုအပေါ် ရုရှားက တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ် (Leipzig) လေဆိပ်တွင် ပြုလုပ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု ကြိုးပမ်းမှုနောက်ကွယ်၌ ရုရှားနိုင်ငံ ပါဝင်နေသည်ဟု ဂျာမနီဘက်က စွပ်စွဲခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ပဋိပက္ခများ စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းလေဆိပ်သည် ယူကရိန်းနိုင်ငံသို့ အကူအညီများ ပေးပို့ရာတွင် အဓိက အသုံးပြုနေသည့် အရေးပါသော လေကြောင်းကွန်လိုင်းတစ်ခု ဖြစ်သည်။
ဥရောပသမဂ္ဂ (EU) ကလည်း အဆိုပါဖြစ်စဉ်သည် ရုရှားက နောက်ကွယ်မှ ကူညီပေးခဲ့သည့် အကြမ်းဖက်မှုဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။ သ
သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီးကမူ ဂျာမနီ၏ စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ယင်းစွပ်စွဲချက်များသည် စစ်ပွဲတစ်ခု စတင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။