ကမ္ဘာ့ လစာအမြင့်ဆုံး စင်ကာပူ ဝန်ကြီးချုပ် လစာတိုးရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၉ ရက်။
ကမ္ဘာပေါ်တွင် တရားဝင် လစာ အများဆုံးရရှိသည့် နိုင်ငံ့ခေါင်းဆောင် ဖြစ်သူ စင်ကာပူ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများ၏ လစာများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း စင်ကာပူ အစိုးရက ထုတ်ပြန်လိုက်သည်။
စင်ကာပူ ဝန်ကြီးချုပ်၏ နှစ်စဉ်လစာသည် ယခင် စင်ကာပူဒေါ်လာ ၂.၂ သန်းမှ စင်ကာပူဒေါ်လာ ၃.၆ သန်းအထိ တိုးမြင့်ရရှိတော့မည် ဖြစ်သည်။
ပြင်ပ ပေါက်ဈေးအရ မြန်မာကျပ်ငွေဖြင့် တွက်ချက်ပါက ကျပ် ၇.၇ ဘီလီယံနီးပါးမှ ကျပ် ၁၂ ဘီလီယံကျော်အထိ ရှိမည် ဖြစ်သည်။
အဆိုပါ လစာတိုးမြှင့်မှုအရ ရရှိလာမည့် ပိုလျှံငွေများကို လာမည့် ၅ နှစ်အတွင်း လှူဒါန်းသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အတွင်း အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်ရန်နှင့် အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန်အတွက် အဆိုပါ လစာတိုးမြှင့်မှု ပြုလုပ်ရခြင်းဖြစ်ကြောင်း အစိုးရဘက်က ထုချေထားသည်။
စင်ကာပူ ဝန်ကြီးချုပ်၏ လစာသည် အမေရိကန်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်တို့၏ လစာထက် အဆပေါင်းများစွာ ပိုမိုများပြားလျက်ရှိသည်။
သို့သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင် လုံခြုံမှုဆိုင်ရာ စိုးရိမ်နေရသည့် စင်ကာပူ ပြည်သူများအကြား အဆိုပါ လစာတိုးမြှင့်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
စင်ကာပူနိုင်ငံသား တစ်ဦး၏ ပျမ်းမျှ နှစ်စဉ်ဝင်ငွေမှာ စင်ကာပူဒေါ်လာ ၇ သောင်းနီးပါးသာ ရှိသဖြင့် ဝန်ကြီးများ၏ လစာပမာဏမှာ သာမန်ပြည်သူများထက် အဆမတန် များပြားလွန်းနေသည်ဟု ဝေဖန်ထောက်ပြမှုများ ရှိနေသည်။