စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တွင် ‘၄၉၂၆’ စစ်ဆင်ရေးကြောင့် ရက်ဆက် တိုက်ပွဲပြင်းထန်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး” ကြောင့် အာရက္ခတပ်တော် (AA) နှင့် ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုတပ်က လေကြောင်း၊ ရေကြောင်း လက် နက်ကြီး ပစ်ကူများ ပေးနေကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ စစ်အုပ်စုတပ်က ပြန်လည်ခြေ ကုတ်ယူ ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး စစ်တွေမြို့နယ်ဘက်ရှိ မင်းချောင်းတံတားကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည့် စစ်အုပ်စုတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်ရှိပြီ ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက စစ်တွေမြို့နယ် မင်းချောင်းတံတားအနီးနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ် စစ်သားအလောင်းတွေကို မြင်ခဲ့တဲ့သူတွေရှိတယ် တချို့လယ်ကွင်းတွေကို ဘယ်ဘက်ကမှ မဆင်းပဲတောတန်း တွေမှာ ဖြစ်နေတာပါ စစ်တပ်က အခုရက်ပိုင်းပြန်ဆုတ်သွားပေမယ့် ထပ်တက်လာလို့ အေအေနဲ့ ရက်ဆက် ဖြစ်နေတာပါ ဖြစ်နေတာ ခြောက်ရက်ကျော်လာပြီ၊ နှစ်ဘက်လုံး ကျတယ်ကြားတယ်၊ စစ်တပ်က ထိုးစစ် ဆိုတော့ ပိုထိတယ် ဟု ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ စပါးထားနှင့် အောင်မြေကုန်း စသည့် ကျေးရွာများအနီးသို့ စစ်အုပ်စုတပ်က “၄၉၂၆ စစ်ဆင်ရေး” ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် နှစ်ဖက်စလုံး ရှေ့မတိုးနိုင်ဘဲ မျက်နှာချင်းဆိုင် စစ်ဆိုင်ထားရာမှ လက်ရှိတိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပုဏ္ဏားကျွန်း -စစ်တွေ ကားလမ်းမကြီး တစ်လျှောက်တွင် တည်ရှိပြီး စစ်တွေမြို့မှ ၁၅ မိုင်မှ မိုင် ၃၀ အတွင်း ကွာဝေးကာ စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ အနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုတပ်သည် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားဘက်သို့ နောက်ဆုတ်ခဲ့သော်လည်း လက်ရှိတွင် အင်အားပြန်လည်တိုးမြှင့်၍ စစ်ကြောင်းထိုး တက်လာနေသည်။

အခြား စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက တိုက်ပွဲရှိနေတာ မြို့ထဲကတောင်ကြားရတယ်၊ လက်နက်ကြီး တွေပစ်တယ် စစ်သားအလောင်းတွေကို လယ်ကွင်းတွေ၊ ပုဇွန်ကန်တွေ၊ ချောင်းစပ်တွေမှာတွေ့နေရသလို အေအေဘက်ကလည်း ကျတယ်လို့ ကျနော်တို့သိထားတယ်။ အေအေလည်း ထိတယ် စစ်တပ်က ပုဏ္ဏာကျွန်း ကို ရအောင်လုပ်နေတာ ဟု ပြောသည်။

စစ်အုပ်စုတပ်သည် လက်ရှိတွင် ပုဏ္ဏားကျွန်းဘက်ရှိ ကျေးရွာအချို့သို့ တက်လိုက်၊ ဆုတ်လိုက်ဖြင့် စစ်ရေးလှုပ် ရှားနေပြီး ရေကြောင်းမှ လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေကြောင်းပစ်ကူများကို ဆက်တိုက် အသုံးပြု လျက် ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှ စတင်ကာ ပုဏ္ဏားကျွန်းသို့ ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်သည် စက် တင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့ တိုက်ပွဲများအတွင်း အကျအဆုံး များပြားခဲ့သော်လည်း ဆက်လက် စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်။

စစ်တွေ အမြင့်ကျွန်းဘက်ရှိ ရေတပ်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပစ်ကူများရယူ ကာ မင်းချောင်းတံတားဘက်မှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုး လျက်ရှိသည်။

ဓာတ်ပုံ – (စစ်တွေမြို့ရှိ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျရောက် ပေါက်ကွဲခဲ့စဉ် / APM – ပုံဟောင်း)