နီပေါနိုင်ငံ အလယ်ပိုင်း၌ မြေပြိုမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား၊ လူ ၅ ဦး ပျောက်ဆုံးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။
နီပေါနိုင်ငံ အလယ်ပိုင်းတွင် မြေပြိုမှုကြောင့် မြစ်ရေလျှံကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသဖြင့် မြစ်ကမ်းဘေး တစ်လျှောက် နေထိုင်သူများအား ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြသည်။
နီပေါနိုင်ငံ ဂေါ်ရခါး (Gorkha) ခရိုင်အတွင်း တောင်ပြိုကျမှုကြောင့် ဗုဒ္ဓဂန္ဓကီ (Budhi Gandaki) မြစ်ရေစီးကြောင်း ပိတ်ဆို့သွားခဲ့ပြီး၊ မြစ်အောက်ပိုင်း ဒေသများတွင် အရှိန်အဟုန်ဖြင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
တောင်ပြိုချိန်တွင် ရေများ ပိတ်လှောင်မိသွားပြီးနောက်၊ ပိတ်ဆို့ထားသော မြေစာများ ပြန်လည် ပြိုကျရာမှ ပိတ်မိနေသည့် ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်း ဖြစ်သည်။
ယင်းရေကြီးမှုကြောင့် နေအိမ် ၁၂ လုံးခန့်နှင့် ကြိုးတံတား ၂ စင်း မျောပါ ပျက်စီးခဲ့ပြီး၊ ရေအားလျှပ်စစ် စက်ရုံနှင့် အခြား တံတား အမြောက်အမြားလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
လက်ရှိအချိန်တွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး ပျောက်ဆုံးလျက်ရှိပြီး၊ နီပေါ အာဏာပိုင်များက စစ်တပ်နှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။